နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မာလာလာ ယူဆက်ဖ်ဇိုင်း အမှုဆောင်ထုတ်လုပ်သူအဖြစ် ပါဝင်ထားတဲ့ ‘Stranger at the Gate’ အမည်ရ မှတ်တမ်းရုပ်ရှင်တိုဟာ အော်စကာဆုအတွက် ဝင်ရောက်ယှဉ်ပြိုင်ထားပါတယ်။
နယူးယောက်ခ်ကာ မဂ္ဂဇင်းက ဖြန့်ချိထားတဲ့ ဒီမှတ်တမ်းရုပ်ရှင်ဟာ မက်လို့အမည်ရတဲ့ အမျိုးသားတဦးရဲ့ ဇာတ်ကြောင်းဖြစ်ပြီး မွတ်စလင်အသိုင်းအဝိုင်းထဲက ဘီဘီ ဘာဟာမီ အမည်ရ အမျိုးသမီးတဦးဟာ နွေးထွေးကြင်နာမှုတွေနဲ့အတူ မက်ကို အစ္စလာမ်ယဉ်ကျေးမှု အကြောင်း မိတ်ဆက်ပေးလိုက်တဲ့အခါမှာ မက်ရဲ့ မွတ်စလင်အသိုင်းအဝိုင်းအပေါ် ရှုမြင်ပုံ အကြီးအကျယ် ပြောင်းလဲသွားတာကို ရိုက်ကူးပြသထားပါတယ်။
မာလာလာကတော့ ဒီရုပ်ရှင်ထဲမှာ သရုပ်ဖော်ထားတဲ့ မွတ်စလင်အသိုင်းအဝိုင်းအပေါ် အကြောက်တရားနဲ့ ခွဲခြားဆက်ဆံမှုတွေဟာ အကန့်အသတ်မရှိဘူးဆိုတာကို အလေးအနက် ထောက်ပြလိုတာဖြစ်ကြောင်း ပြောပါတယ်။
“လူနည်းစုတွေနဲ့ ထိခိုက်လွယ်တဲ့ အသိုင်းအဝိုင်းတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာ၊ အသားအရောင်၊ လိင်ဖြစ်တည်မှုနဲ့ ကိုးကွယ်ယုံကြည်မှုတွေအပေါ်မှာ နေ့စဉ်နဲ့အမျှ ခွဲခြားဆက်ဆံမှုတွေကို ရင်ဆိုင်နေရတာကြောင့် ဒီမှတ်တမ်းရုပ်ရှင်ရဲ့ သတင်းစကားကို ဖြန့်ဝေနိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ပြီးတော့ မီဒီယာတွေနဲ့ အဖွဲ့အစည်းတွေရဲ့ အမြင်သဘောထားဆိုင်ရာ အခန်းကဏ္ဍကို လူတွေ စပြီး ဆွေးနွေးလာဖို့နဲ့ အပြောင်းအလဲတခုကိုလည်း မြင်လာရလိမ့်မယ်လို့ မျှော်လင့်မိတယ်” လို့ မာလာလာက ပြောပါတယ်။
ဒီရုပ်ရှင်ဟာ မာလာလာရဲ့ ဖခင်ဖြစ်တဲ့ ပညာရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဇီအာဒင် ယူဆက်ဖ်ဇိုင်း ကိုပါ အမှတ်ရစေတယ်လို့လည်း ဆိုပါတယ်။
၂၀၁၂ ခုနှစ်မှာ အမျိုးသမီးတွေ ပညာသင်ကြားခွင့်ကို ငြင်းပယ်ထားတဲ့ တာလီဘန်တွေရဲ့ လုပ်ရပ်ကို ဆန့်ကျင်ကာ မာလာလာက ကမ်ပိန်းတွေ လုပ်ဆောင်ခဲ့တာကြောင့် ပါကစ္စတန်လူမျိုး တာလီဘန်သေနတ်သမားတဦးက ခေါင်းကို သေနတ်နဲ့ပစ်ခတ်ခဲ့ပေမဲ့ မာလာလာ အသက်ရှင်ခဲ့ပါတယ်။
နောက်တော့ မာလာလာဟာ ပညာရေးဆိုင်ရာ လှုပ်ရှားမှုတွေအတွက် အသက်အငယ်ဆုံး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တဦး ဖြစ်လာခဲ့ပါတယ်။ လာမယ့် မတ်လ ၁၂ ရက်နေ့မှာ အော်စကာဆု ရရှိသူတွေကို ကြေညာသွားမှာ ဖြစ်ပါတယ်။
အိန္ဒိယ အခွန်အရာရှိတွေဟာ နယူးဒေလီနဲ့ မွမ်ဘိုင်းရှိ ဗြိတိန်အသံလွှင့်ဌာန ဘီဘီစီ ရုံးခန်းတွေကို စစ်ဆေးရေးအဖြစ် ဖေဖော်ဝါရီ ၁၆ ရက်က တတိယမြောက်နေ့အဖြစ် ဝင်ရောက်ခဲ့ပြီး ဘီဘီစီ အယ်ဒီတာနဲ့ အုပ်ချုပ်ရေးဝန်ထမ်းတချို့ အသုံးပြုတဲ့ မိုဘိုင်းလ်ဖုန်းတွေနဲ့ လက်ပ်တော့ပ်တွေကို စစ်ဆေးခဲ့ကြောင်း သတင်းရင်းမြစ်နှစ်ခုက ရိုက်တာကို ပြောပါတယ်။
အခွန်အရာရှိတွေဟာ ဖေဖော်ဝါရီ ၁၄ ရက်မှာ အံ့အားသင့်စရာ ရှောင်တခင်စစ်ဆေးရေးကို စတင်လုပ်ဆောင်လိုက်ချိန်ကတည်းက ဘီဘီစီရုံးခန်းတွေမှာ ရှိနေခဲ့ပြီး တချို့လည်း အဲဒီမှာပဲ အိပ်စောင့်ခဲ့ကြကြောင်း မျက်မြင်သက်သေတွေဆီကနေ သိရပါတယ်။
တချို့ဝန်ထမ်းတွေဟာ ငွေကြေးအပေးအယူကိစ္စတွေနဲ့ပတ်သက်ပြီး ညဉ့်နက်ပိုင်းအထိ မေးမြန်းခံရကြောင်းလည်း ပြောပါတယ်။
အိန္ဒိယနိုင်ငံ မြို့တော်ရှိ ဘီဘီစီရုံးရဲ့ အပြင်ဘက်မှာ ဒေသတွင်း မီဒီယာတွေဆီက မော်တော်ယာဉ် ဒါဇင်ပေါင်းများစွာ ရပ်နားထားပြီး အခြေအနေတိုးတက်မှုကို စောင့်ဆိုင်းနေခဲ့ကြပါတယ်။
၂၀၀၂ ခုနှစ်က ဂူဂျာရတ်မှာ ဖြစ်ပွားခဲ့တဲ့ လူစုလူဝေး အဓိကရုဏ်းတွေအတွင်း အဲဒီအချိန်က ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ လက်ရှိ နိုင်ငံတော်ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ ရှိခဲ့တဲ့ ဘီဘီစီ မှတ်တမ်းရုပ်ရှင်ကို အစိုးရက ဒေါသတကြီး တုံ့ပြန်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာပဲ ခုလို အခွန်ဌာနရဲ့ အရေးယူမှု လုပ်ဆောင်လာတာ ဖြစ်ပါတယ်။