close

မှတ်ပုံတင်မူရင်း

close

April 1, 2022

တောင်ကြီးတွင် မှတ်ပုံတင်မူရင်းနှင့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ပါမှ သွားခွင့်ပြု

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ မှတ်ပုံတင်မူရင်းနဲ့အတူ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ်ပါမှ အပြင်ထွက် သွားလာရမယ်လို့ တောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးဝန်ထမ်းတွေက နှိုးဆော်နေပါတယ်။

ဧပြီ ၁ ရက်က စတင်ပြီး နှိုးဆော်ကြေညာချက်အတိုင်း လိုက်နာရမှာဖြစ်ပြီး မြို့နယ်ကျော်လွန်ကာ ခရီးသွားလာမှုတင်မက မြို့အတွင်း သွားလာမှုတွေမှာပါ မှတ်ပုံတင်နဲ့ ကိုဗစ်ဆေးထိုးပြီးစီးကြောင်း လက်မှတ်ကိုင်ဆောင်ရမှာဖြစ်သလို ထောက်ခံစာနဲ့ သွားလာခွင့်ပြုမှာ မဟုတ်တော့ဘူးလို့ ရပ်ကွက်တွေအတွင်း အသံချဲ့စက်တွေနဲ့ လိုက်အော်နေတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ကိုယ့်မြို့အတွင်း သွားလာတာတောင် မှတ်ပုံတင်မူရင်းနဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ်ပါမှ သွားလာခွင့်ရမယ် ဆိုတာတော့ မဟုတ်သေးဘူး။ ငွေညှစ်ချင်လို့ တမင် ယုတ်မာနေတာ ဖြစ်မယ်။ ဒီအတိုင်းဆိုရင်တော့ အလုပ်သွား အလုပ်ပြန်ဖို့တောင် ခက်ခဲနေပြီလို့။"

မှတ်ပုံတင်မရှိသေးသူတွေနဲ့ ကိုဗစ်ဆေး မထိုးရသေးသူတွေအတွက် ဆောင်ရွက်ပေးမယ့် အစီအစဉ်တရပ်အဖြစ် ဒီလိုလုပ်ဆောင်တာဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်သူတွေက အကြောင်းပြပေမဲ့ တော်လှန်ရေးလူငယ်တွေကို ဖမ်းဆီးရမိရေးအတွက် လုပ်ဆောင်တာလို့ တောင်ကြီး နွေဦးချန်နယ်က သုံးသပ်ထားပါတယ်။

လက်ရှိအချိန်အထိတော့ မှတ်ပုံတင်နဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ်တွေ စစ်ဆေးခြင်း မရှိသေးဘူးလို့ သိရပါတယ်။

တောင်ကြီးမြို့မှာ ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးပတ်အတွင်း ဧည့်စာရင်းစစ်ဖို့ အကြောင်းပြကာ နေအိမ်တွေကို ဖျက်ဆီးဝင်ရောက်တာ၊ သေနတ်ပြ ခြိမ်းခြောက်တာ၊ ဧည့်စာရင်းမရှိသူတွေကို ချက်ချင်းဖမ်းဆီးပြီး တောင်းတဲ့ငွေကြေးပမာဏတခု ပေးမှသာ ပြန်လွှတ်ပေးတဲ့ အဖြစ်အပျက်တွေ ရှိခဲ့ပါတယ်။

11 mins Ago
Up