ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ထိုင်း-မြန်မာချစ်ကြည်ရေး တံတား အမှတ် ၁ ကနေ သွားလာသူတွေကို စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေက မှတ်ပုံတင်သိမ်းကာ ငွေကြေးတောင်းခံနေတယ်လို့ မြဝတီ-မဲဆောက် ဖြတ်သန်းသွားလာနေသူတွေထံက သိရပါတယ်။
စစ်ကောင်စီတပ် လက်အောက်ခံ ရဲဝန်ထမ်းတွေနဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေက တံတားပေါ် ဖြတ်သန်းသွားလာတဲ့ လူငယ်အများစုရဲ့ မှတ်ပုံတင်တွေကို သိမ်းဆည်းကာ ပြန်လိုချင်ရင် ငွေကျပ် ၁၀,၀၀၀ ပေးရမယ်ဆိုပြီး ငွေညှစ်တောင်းခံတာတွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဦးက ပြောပါတယ်။
“မြန်မာဘက်က ရဲတွေပါ၊ လုံခြုံရေးယူထားတဲ့ သေနတ်ကိုင် အစောင့်ရဲတွေ၊ ငွေညှစ်ဖို့ ခြိမ်းခြောက်ညစ်ပတ်တာပါပဲ။ အလုပ်သွားလုပ်မှာ မဟုတ်လား၊ ပြန်မလာဘူးမဟုတ်လား၊ ဒီလိုစကားတွေသုံးပြီး မှတ်ပုံတင်ထားခဲ့ဆိုပြီး ညစ်ပတ်တာပါ။ မထားသွားချင် ၁၀,၀၀၀ ပေးခဲ့ဆိုပြီး ငွေညှစ်ပါတယ်။ မြန်မာပြည်ဘက်ရဲနဲ့ လဝကတွေရဲ့ ညစ်ပတ်မှုတွေပါ။”
မြဝတီမြို့ကနေ မဲဆောက်မြို့ကို သွားတဲ့အခါမှာ ပုံမှန် မြန်မာငွေကျပ် ၂,၀၀၀ သာ ပေးဆောင်ရပေမဲ့ လူငယ်အများစုကိုတော့ မှတ်ပုံတင်သိမ်းယူထားကာ ဓာတ်ပုံရိုက်တာ၊ တုံးထုတာတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ရဲဝန်ထမ်းရှိရာနေရာနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရှိရာနေရာ စုစုပေါင်း ၃ နေရာဖြတ်ရပြီး တနေရာကို မြန်မာငွေ ကျပ် ၅,၀၀၀ ကနေ ၁၀,၀၀၀ အထိ ပေးဆောင်ရတယ်လို့ မြဝတီ-မဲဆောက် ကားမောင်းနေသူတဦးက ပြောပါတယ်။
“သူတို့က အလုပ်လုပ်နိုင်တဲ့ အရွယ်ဆိုရင် မှတ်ပုံတင်ယူထားလိုက်တယ်။ ပြီးရင် ဓာတ်ပုံရိုက်စရာရိုက်တယ်၊ နောက်ပြီး ဘာသွားလုပ်မှာလဲလို့ မေးတယ်။ လူတွေကတော့ အလည်အပတ်သွားမယ်လို့ ဖြေကြတာပေါ့။ အလည်သွားမှာဆိုရင် မှတ်ပုံတင် ပြန်လာမှယူလို့ ပြောတယ်။ တကယ်အလုပ်လုပ်မယ့်သူတွေကျတော့ အကြာကြီးထားခဲ့လို့ မရဘူးလေ။ အဲ့ဒါနဲ့ သုံးနေရာပို့လိုက်တယ်။ တတွဲတည်း ဓာတ်ပုံရိုက်ပြီး ထွက်လာရင် လဝက က ထပ်တောင်းတယ်။ ပြီးရင် လမ်းဆက်လျှောက်၊ အဲ့မှာ ရဲတွေရှိတဲ့နေရာကိုဖြတ်ပြီး ၁၀,၀၀၀၊ ကျန်းမာရေးဝန်ထမ်းတွေကို ၅,၀၀၀ ဆိုပြီး ပေးရတယ်။ အားလုံး ၃၀,၀၀၀ လောက် ပေးရတယ်။”
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်ကစပြီး မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် ၁ တံတားကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေက သွားလာသူတွေကို အခုလို မှတ်ပုံတင်သိမ်းကာ ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
အလားတူ တံတားပေါ် ဖြတ်သန်းသွားလာသူတွေထဲက ကိုဗစ်ဆေး ၄ ကြိမ်ပြည့်အောင် မထိုးရသေးတဲ့ သူတွေကိုလည်း မြန်မာငွေ ကျပ် ၃၀,၀၀၀ ကနေ ၅၀,၀၀၀ အထိတောင်းခံပြီး ဆေးလက်မှတ်တွေ လုပ်ဆောင်ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်အတွင်း ပြည်နယ်လွှတ်တော် ၁ နေရာသာ အနိုင်ရရှိခဲ့တဲ့ ကျားဖြူပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဟာ တနိုင်ငံလုံးစည်းရုံးနိုင်တဲ့ပါတီအဖြစ် မှတ်ပုံတင်ဖို့ ပြင်ဆင်နေပြီလို့ ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကပြောပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီအနေနဲ့ အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ရုံးခန်းဖွင့်လှစ်နိုင်ခြင်းမရှိသေးတဲ့ ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေမှာ ဝင်ပြိုင်ကြမယ့်က ကိုယ်စားလှယ်တွေက သူတို့ ဖာသာ ရုံးခန်းဖွင့်ရမယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီက အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေမှာ မှတ်ပုံတင်ခွင့်ပြုချက်ရပြီး ရက်ပေါင်း ၉၀ အတွင်းမှာ ပါတီဝင်အင်အား အနည်းဆုံး ၁ သိန်း ရှိရမှာဖြစ်ပြီး ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။
ဒါ့အပြင် ရက်ပေါင်း ၁၈၀ အတွင်းမှာ တစ်နိုင်ငံလုံးမြို့နယ်အားလုံးရဲ့ အနည်းဆုံးထက်ဝက်မှာ ပါတီရုံးခန်းဖွင့်ရမယ်လို့လည်း ပါရှိပါတယ်။
ဒါပေမဲ့ ရှမ်းပြည်နယ်အတွင်းမှာ လူထုထောက်ခံမှုအများဆုံးရရှိထားပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုလွှတ်တော်နေရာ ၁၅ နေရာနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်နေရာ ၂၇ အနိုင်ရရှိခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ကျားခေါင်းပါတီ)ကတော့ အာဏာသိမ်းစစ်တပ်က ပြဋ္ဌာန်းလိုက်တဲ့ မှတ်ပုံတင်ခြင်းဥပဒေအရ ပြန်လည်မှတ်ပုံတင်မလား မတင်ဘူးလားဆိုတဲ့အပေါ် ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်ကတော့ ဥပဒေသစ်အရ ပါတီတခုအနေနဲ့ အထူးသဖြင့်တိုင်းရင်းသားပါတီတွေအနေနဲ့ ပြည့်စုံဖို့မလွယ်ကြောင်းနဲ့ ကြံ့ခိုင်ရေးတပါတီတည်းသာ နိုင်ငံတဝန်းယှဉ်ပြိုင်မယ့်ပါတီကျန်နိုင်တဲ့ အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။
“ဒီ ၅ လ ၆ လ အတွင်းမှာ လူတစ်သိန်းစုဖို့ရယ်၊ ပါတီရုံး ၁၅၀ ဖွင့်ဖို့ရယ်ဆိုတာကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူက ဒီအချိန်မှာ ပါတီစုံဒီမိုကရေစီစနစ်ကို ထွန်းကားအောင် အားပေး ဖို့လိုတဲ့အချိန်မှာ တခြားမဖြစ်နိုင်တဲ့ကိစ္စတွေကို အချက်အလက်တွေနဲ့ လုပ်လိုက်တော့ ပြိုင်ဘက်တွေကို ချိုးနှိမ်လိုက်တာပေါ့ဗျာ။ ခုနက ကျနော်ပြောသလိုပေါ့ ပြိုင်ဘက်က ခပ်ညံ့ညံ့ပြိုင်ဘက်ပဲ ကျန်ခဲ့မယ်။"