ရန်ကုန်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄ဝ ရပ်ကွက်၊ သိန္ဒီလမ်းရှိ နေအိမ်တအိမ်မှာ မေ ၁၀ ရက် ညနေပိုင်းက အမျိုးသမီး ၁ ဦး အသတ်ခံရပြီး ကျပ်သိန်း ၅၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲ့ဒီညနေ ၅ နာရီလောက်က အခင်းဖြစ်ပွားရာနေအိမ်ကို အိမ်ရှင်အမျိုးသားဖြစ်သူ အိမ်ပြန်ရောက်လာချိန် နေအိမ်တံခါးဝမှာ သူ့ရဲ့ဇနီးဖြစ်သူ သွေးအိုင်ထဲ လဲကျနေတာကို တွေ့ရပြီး ရပ်ကွက်ရဲစခန်းကို အကြောင်းကြားခဲ့တာပါ။
အဆိုပါအိမ်မှာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ အမျိုးသား၊ ဇနီးဖြစ်သူနဲ့ အသက် ၂ နှစ်အရွယ် သားလေး ၁ ဦးနဲ့ အသက် ၂၀ အရွယ် အိမ်အကူ အမျိုးသမီး ၂ ဦး အတူနေထိုင်တာ ဖြစ်ပြီး အိမ်ရှင်အမျိုးသမီး သေဆုံးချိန်မှာ အိမ်အကူအမျိုးသမီး ၂ ဦးကို မတွေ့ရတော့ဘူးလို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
ရပ်ကွက်နေသူတဦးက “သေသွားတဲ့အစ်မက ဆံပင်ကုပ်ဝဲ၊ အသားညိုညို၊ ပိန်ပိန်ပါးပါး၊ ပုတယ်၊ လူကောင်က သေးသေးလေး။ သူတို့က ဒီကိုပြောင်းလာတာ ၁ နှစ်၊ ၂ နှစ်လောက်ပဲ ရှိဦးမယ်။ သိရသလောက်တော့ အိမ်ဖော်တွေကလည်း အသစ်ပဲ၊ ခေါ်ထားတာ ၁ လလောက်ပဲ ရှိဦးမယ် ထင်တယ်။ အိမ်ဖော်နှစ်ယောက်စလုံးက လူငယ်တွေပဲ။ သေသွားတဲ့အစ်မ အမျိုးသားက ဆောက်လုပ်ရေးလုပ်တာ။ အလုပ်ကပြန်လာတော့ တံခါးဖွင့်လိုက်တာ အဲ့အစ်မက သွေးအိုင်ထဲ လဲနေတာ။ အဲ့အစ်ကိုက ရပ်ကွက်ရုံးကို လှမ်းခေါ်လိုက်တာ။ အိမ်ဖော်တွေကလည်း ပျောက်နေတော့ အိမ်ဖော်တွေလုပ်တာလို့ပဲ လမ်းထဲက ပြောကြတယ်။ ညနေပိုင်း မိုးရွာတဲ့အချိန်လောက် ဖြစ်သွားတော့ မကြားလိုက်ကြဘူး” လို့ ပြောပါတယ်။
စစ်ဆေးချက်အရ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးဟာ အုတ်နီခဲနဲ့ အထုခံထားရလို့ ဦးခေါင်းကွဲအက်ဒဏ်ရာနဲ့ သေဆုံးနေပြီး နေအိမ်အတွင်း သိမ်းဆည်းထားတဲ့ ငွေကျပ် သိန်း ၅၀၀ ကျော် ပျောက်ဆုံးနေပါတယ်။
ရန်ကုန်အခြေစိုက် ကယ်ဆယ်ရေးအသင်း တာဝန်ခံတဦးက “အသက်က ၃၂ နှစ်၊ အမျိုးသမီး အလောင်းကို ကြက်ခြေနီအသင်းကားနဲ့ ခေါ်သွားတာပါ။ မေဓာဝီဆေးရုံကိုပါ။ ကလေးကတော့ ဘာမှမဖြစ်ပါဘူး။ ကြားရတာတော့ အိမ်ဖော်နှစ်ယောက်က အုတ်ခဲနဲ့ ထုသတ်သွားတာ၊ သိန်း ၅၀၀ လောက် ပါသွားတယ်” လို့ ပြောပါတယ်။
သေဆုံးသူ ရုပ်အလောင်းကို မြောက်ဥက္ကလာပ မေဓာဝီဆေးရုံ ရင်ခွဲရုံ ပို့ဆောင်ထားတယ်လို့ သိရပြီး လူသတ်မှုနဲ့ ငွေကြေးပျောက်ဆုံးမှုအတွက် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ရဲစခန်းက စုံစမ်းစစ်ဆေးနေပါတယ်။
အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှာ အိမ်နီးနားချင်း ၅ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိသူ အမျိုးသားတဦးကို ၄ ရက်ကြာ အသည်းအသန် လိုက်ဖမ်းခဲ့ရပြီးနောက်မှာတော့ အနီးနားရှိ မြို့တမြို့မှာ ဖမ်းဆီးမိခဲ့ကြောင်း ခရိုင်ရဲအရာရှိတဦးက ပြောပါတယ်။
အဲဒီလူဟာ ညဘက်ကြီး အပြင်မှာ ဆူဆူညံညံ သေနတ်ပစ်ခတ်မှုတွေ လုပ်နေလို့ဆိုပြီး တိုင်တန်းကြတဲ့ အိမ်နီးချင်းတွေကို သတ်ပစ်လိုက်တာလို့ ဆိုပါတယ်။
သံသယရှိသူဟာ အသက် ၃၈ နှစ်အရွယ် မက္ကဆီကိုနိုင်ငံသား ဖရန်စစ္စကို အိုရိုပီဆာ ဖြစ်ကြောင်း အခုသီတင်းပတ်မှာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
သူဟာ ၂၀၀၉ ခုနှစ်ကတည်းက အမေရိကန်ပြည်ထောင်စုမှ ပြည်နှင်ဒဏ် ၄ ကြိမ် ပေးခံခဲ့ရကြောင်း လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ပြောပါတယ်။
တက္ကဆက်ပြည်နယ် ကလိဗ်လန်းမှာ သောကြာနေ့ညပိုင်းက သံသယရှိသူရဲ့ အိမ်နီးချင်းတွေဆီက ဆူညံကြောင်း တိုင်ကြားချက်တွေကြောင့် သွေးထွက်သံယိုမှုတွေ ဖြစ်ပွားခဲ့ကြောင်း ဥပဒေအရာရှိတွေဆီက သိရပါတယ်။
ထွက်ပြေးရှောင်တိမ်းနေတဲ့ သံသယရှိသူကို ရှာတွေ့ရေး ကြန့်ကြာနေတာကြောင့် ပြည်သူလူထုကို ပူးပေါင်းပါဝင်ပေးဖို့ ဖိတ်ခေါ်ခဲ့ပြီး သတင်းအချက်အလက်အတွက် ဆုကြေးငွေ ဒေါ်လာ ၈၀,၀၀၀ ကမ်းလှမ်းခဲ့တာပါ။
သံသယရှိသူရဲ့ တည်နေရာအတွက် သတင်းပေးချက်တခုဟာ FBI ရဲ့ အကြံပြုချက်လိုင်းကနေ ဝင်လာတာဖြစ်ပြီး ဥပဒေစိုးမိုးရေး အေဂျင်စီတွေက တုံ့ပြန်ပြီးနောက်မှာ အဝတ်လျှော်ဆိုင်က အထည်တွေအောက်မှာ ပုန်းအောင်းနေတဲ့ အဲဒီလူကို ဖမ်းမိခဲ့တာဖြစ်ကြောင်း ဆန် ဂျာစင်တို ကောင်တီ ရဲအရာရှိ ဂရဲ့ဂ် ကေ့ပါစ်က သတင်းထောက်တွေကို ပြောပါတယ်။
သတင်းပေးသူကို ဆုချီးမြှင့်မှာဖြစ်ကြောင်း ရဲအရာရှိ ကေ့ပါစ်က အင်္ဂါနေ့မှာ အတည်ပြု ပြောကြားခဲ့ပါတယ်။