စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲတခုကို ယင်းမာပင်မြို့နယ်အတွင်းရှိ စာသင်ကျောင်းတခုမှာ ကျင်းပခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အားကစားပြိုင်ပွဲကို ယင်းမာပင်မြို့နယ်နဲ့ ပုလဲမြို့နယ်အတွင်းမှာရှိတဲ့ ကျောင်းပေါင်း ၁၃ ကျောင်းက ကျောင်းသားလူငယ်လေးတွေ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပိုက်ကျော်ခြင်းအားကစား တခုတည်းသာ ကျင်းပခဲ့တာလို့ ဆိုပါတယ်။
အခုလို ကျောင်းပေါင်းစုံ ဖိတ်ခေါ်အားကစားပြိုင်ပွဲ ပြုလုပ်ရတာဟာ NUG ပညာရေးဝန်ကြီးဌာန လက်အောက်မှာ ပညာသင်ကြားရေးသာမက အားကစားဘက်မှာလည်း ဆောင်ရွက်နိုင်တယ်ဆိုတာ ချပြချင်တာရယ်၊ ခရိုင်အတွင်းမှာရှိတဲ့ နယ်ပယ်စုံက ကျောင်းသားတွေအချင်းချင်း စည်းလုံးညီညွတ်စေဖို့ ရည်ရွယ်သလို တော်လှန်ရေးကာလမှာ အပြန်အလှန် ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာ ပြသချင်တာကြောင့် အခုလို မိုးရာသီအားကစားပြိုင်ပွဲတခု ပြုလုပ်ခဲ့တာလို့ ဦးဆောင်သူတဦးက ပြောပါတယ်။
ဒါ့အပြင် ကလေးတယောက်ဟာ ပညာမတော်နိုင်ပေမဲ့ တခြားအပိုင်းမှာ တော်နိုင်တာမျိုး ရှိတတ်ပြီး သူ့ရဲ့ ပါရမီသာရာလမ်းကြောင်းကို အဆင့်မြင့်ကဏ္ဍရော အသက်မွေးကဏ္ဍပါ ရွေးချယ်နိုင်အောင် မြေတောင်မြှောက်ပေးတဲ့ အနေအထားမျိုး ရောက်အောင်သွားတာ ဖြစ်တယ်လို့လည်း CDM ကျောင်းဆရာမတဦးက ပြောပါတယ်။
အဲဒီအားကစားပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်တဲ့ ကျောင်းသားလူငယ်တဦးကလည်း NUG ရဲ့ ပညာရေးစနစ်ဟာ ကိုယ်နှစ်သက်တဲ့ အားကစားကို ထုတ်ဖော်ရွေးချယ်ခွင့်ရှိပြီး ကိုယ့်စိတ်ကြိုက် လုပ်ရတဲ့အတွက်ကြောင့် ပျော်ရွှင်ရတယ်လို့ ပြောပါတယ်။
CDM ကျောင်းဆရာတဦးကလည်း စစ်ကောင်စီလက်အောက်မှာ ဒူးမထောက် လက်မမြှောက်ဘဲ NUG အစိုးရရဲ့လက်အောက်မှာ အားကစားတွေလုပ်တာ၊ စာမေးပွဲတွေ အပတ်စဥ်ပြုလုပ်တာနဲ့ လုပ်ငန်းဆိုင်ရာ အစည်းအဝေးတွေလည်း ပုံမှန်လုပ်ကိုင်နေတယ်လို့ ပြောပါတယ်။
NUG ပညာရေးဝန်ကြီးဌာနလက်အောက်မှာ လက်ရှိအချိန်ထိ ပညာသင်ကြားရေး မပြုလုပ်နိုင်သေးတဲ့ ဒေသတွေနဲ့ ပတ်သက်ပြီးတော့လည်း ကိုယ့်တိုင်းပြည်ရဲ့ အနာဂတ်၊ ကိုယ့်ရဲ့အနာဂတ်လို့လည်း ပြောလို့ရတဲ့ ကလေးငယ်တွေကို မြေတောင်မြှောက်ပေးကြဖို့ ဒေသခံပြည်သူတဦးက ပြောပါတယ်။
အားကစားပြိုင်ပွဲဟာ ဇူလိုင် ၂၆ ရက်ကနေ ၂၈ ရက်အထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး အသင်းတခုကို အသင်းဝင်ကြေးအဖြစ် ၁၅,၀၀၀ ကျပ် သတ်မှတ်ထားကာ ပထမဆုကို ၁၅၀,၀၀၀ ကျပ်၊ ဒုတိယဆုကို ၁၀၀,၀၀၀ ကျပ် ဆုချီးမြှင့်သွားမယ့်အပြင် အကောင်းဆုံးဆုနဲ့ အသန့်ရှင်းဆုံးဆုတွေကိုလည်း ဂုဏ်ပြုချီးမြှင့်မှာဖြစ်တယ်လို့ သိရပါတယ်။
ယင်းမာပင်ခရိုင်အတွင်းမှာ NUG ပညာရေးဝန်ကြီးဌာနလက်အောက် ဖွင့်လှစ်သင်ကြားနေတဲ့ ကျောင်းပေါင်း ၅၀၀ ဝန်းကျင် ရှိနေပြီး ကျောင်းသားကျောင်းသူလေးတွေအတွက် ပညာသင်ယူရေးသာမက အားကစားပြိုင်ပွဲတွေပါ ကျင်းပပြုလုပ်နေကြတာပါ။
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပေါင်းစုံက စစ်ကောင်စီတပ်ဖွဲ့ ကို တိုက်ခိုက်ဖို့ ရည်ရွယ်တဲ့ ဒရုန်း(Drone) အသုံးပြုနည်း သင်တန်းကို ဇူလိုင် ၁၅ ရက်က အောင်မြင်စွာ ပို့ချနိုင်ခဲ့တယ်လို့ သင်တန်းသားတွေက ပြောပါတယ်။
သင်တန်းကို YMB Drone Force နဲ့ ဒေါင်းမင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးတွဲ ပြုလုပ်ပေးခဲ့တာဖြစ်ပြီး ဒရုန်း(Drone)အသုံးပြုနည်းကိုတော့ YMB Drone Force ကနေ ၅ ရက်ကြာသင်တန်းပို့ချပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို လုပ်ဆောင်ရတာဟာ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ရဲ့ စစ်မိစ္ဆာတွေကို တိုက်ခိုက်ရာမှာ ကင်းထောက်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာစတဲ့ ပညာရပ်ပိုင်းတွေကို အဓိကထား သင်တန်းပို့ချခဲ့တာဖြစ်သလို PDF ရဲဘော်များ လုံခြုံရေးစနစ်ကောင်းမွန်စေရေးအတွက်လည်း ရည်ရွယ်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ YMB Drone Force အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
သင်တန်းကို ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ပြည်သူ့ကာကွယ်ရေး တပ်ရင်း ၁၂ ဖွဲ့ သင်တန်းတက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အခုလုပ်တဲ့ ဒရုန်းသုံးပြုနည်းသင်တန်းဟာ သင်တန်းအပတ်စဥ် ၂ ဖြစ်ပြီး စုဖွဲ့ သင်တန်းပေးခြင်းကတော့ ပထမဆုံးအကြိမ်ဖြစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတစ်ခုကို သင်တန်းသား ၂ ယောက်နှုန်းသတ်မှတ်ကာ သင်တန်းသား ၂၄ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။