စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်မှာ ဧပြီ ၂၁ ရက် နေ့လယ် ၂ နာရီလောက်က စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယင်းမာပင်မြို့နယ် ဆုံရွာကျေးရွာဘက်ကနေ မင်းမကုန်းကျေးရွာဘက်လာတဲ့ အင်အား ၁၀၀ လောက်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို မင်းမကုန်းကျေးရွာနဲ့ ကြိုးကြာဝင်းကျေးရွာအကြားမှာ PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ရာကနေ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အပြန်အလှန်ပစ်ခတ်မှုဟာ မိနစ် ၂၀ လောက် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေ မသိရသေးဘဲ PDF ပူးပေါင်းအဖွဲ့ဘက်က ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင် ဗိုလ်သူရိန်က ပြောပါတယ်။
Unity Fighter PDF အဖွဲ့မှ အသက် ၃၀ ဝန်းကျင်ရှိ ရဲဘော် စန်းမြင့်ဌေးဟာ လက်မောင်းကို ကျည်ထိမှန်ခဲ့ရာက အချိန်မီ ဆေးကုသမှု မပေးနိုင်တာကြောင့် သွေးထွက်လွန်ပြီး အသက်ဆုံးရှုံးခဲ့ရတာလို့ ဆိုပါတယ်။
အဲဒီရဲဘော်ဟာ ကျေးရွာအတွင်းက ဒေသခံပြည်သူတွေ ထွက်ခွာနိုင်ဖို့ စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ပစ်ခတ်ရင်းကနေ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုခံခဲ့ရတာလို့ တိုက်ခိုက်ရေးမှာပါဝင်တဲ့ PDF ရဲဘော်တဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကြိုးကြာဝန်းကျေးရွာ ဘုန်းကြီးကျောင်းဝင်း အတွင်းမှာ ရှိနေတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများခဲ့ပြီး လေကြောင်းပစ်ကူပေးခဲ့ရသလို ဒေသခံပြည်သူ ၁ ဦးနဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ်ပိုင်းလောက်မှာ ဆည်မြောင်း လက်တံအမှတ် (၅) ကနေ တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၅ ယောက်ခန့်သေဆုံးပြီး ၃၀ အထက် ဒဏ်ရာရရှိခဲ့ကာ ၁၅ ယောက်လောက်က ဒဏ်ရာပြင်းထန်တယ်လို့ PDF ခေါင်းဆောင် ဆရာစံက ပြောပါတယ်။
“ကျနော်တို့အဖွဲ့က သူတို့(စစ်ကောင်စီတပ်ဖွဲ့) နားနေတဲ့ မန်ကျည်းပင်အနီးသွားရောက်ကာ ဂန်းအစစ် ၁၀ လက်အပါအဝင် တူမီး၊ ခွန်ထိုးများနဲ့ စပစ်ပြီး လက်ပစ်ဗုံးနဲ့ လှမ်းပစ်လိုက်တာ၊ သူတို့နဲ့ ကျနော်တို့အဖွဲ့နဲ့ လယ်တစ်ကွက်ခြားမှာရှိပြီး လက်ပစ်တစ်ပစ်ကို မှီတယ်၊ သူတို့ပြန်မထောင်နိုင်တဲ့ အခြေနေအရောက်မှာ လေယာဥ်က ရောက်ချလာတော့ ကျနော်တို့အဖွဲ့လည်း နောက်ဆုတ်လာခဲ့တာ။”
တိုက်ပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ PDF ရဲဘော် တစ်ဦးက "သူတို့(စစ်ကောင်စီ)အဖွဲ့တွေ ပိတ်မိနေတဲ့အချိန် လေယာဥ်က လာရောက်ကယ်တင်ပစ်ကူပေးပြီး စားတော်ပြင်ရွာဘက်ကို သူ့လူတွေသွားနိုင်အောင် လုပ်သွားတာ၊ လေယာဥ်နဲ့ကြတော့ ကျနော်တို့က ဘယ်လိုမှ အဆင်မပြေတော့ဘူး" လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းကလည်း စားတော်ပြင်ကျေးရွာအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ရှိနေဦးမယ်လို့ ယူဆပြီး PDF အဖွဲ့က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီတပ်က ညတွင်းချင်း ငမောင်းကျေးရွာဘက်ကို ထွက်သွားကြတယ်လို့ သိရကြောင်း၊ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူ ၁ ဦးကို လက်ပြန်ကြိုးတုပ် နှိပ်စက်ထားပြီး ရက်ရက်စက်စက်သတ်ဖြတ်သွားသလို ပြည်သူတွေ မွေးမြူထားတဲ့ သိုး၊ ဆိတ်၊ ကြက် တွေကိုပါ သတ်ဖြတ်သွားကာ ဆိုင်ကယ် ၉ စီးကိုလည်း မီးရှို့ဖျက်စီးသွားတယ်လို့ ဆိုပါတယ်။
ယင်းမာပင်မြို့နယ်မှာ ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းကလည်း စစ်ရဟတ်ယာဥ်တွေ ပျံဝဲနေတာကြောင့် ကျဆုံးတပ်သားတွေ လာရောက်သယ်ဆောင်တာ (သို့မဟုတ်) အင်အားလာဖြည့်တာဖြစ်နိုင်တဲ့အတွက် စစ်ရေးအခြေနေ တင်းမာလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယင်းမာပင်မြို့နယ် တိုက်ပွဲနဲ့ပတ်သက်ပြီး ထိခိုက်ကျဆုံးအခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။