စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ကျေးလက်နေ ပြည်သူတွေရဲ့ စုပေါင်းသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်အမြစ်ပြတ်ဖြုတ်ချရေး သပိတ်မှောက်နေတာ ရက်ပေါင်း ၉၀ ပြည့်နေ့အဖြစ် ဒီနေ့ ဇွန်လ ၈ ရက်နေ့မှာ ဆက်လက်ဆန္ဒပြခဲ့ကြပြီး ကျဆုံးသူရဲကောင်းတွေအတွက် ဆုတောင်းပွဲကိုလည်း ပြုလုပ်ခဲ့ပါတယ်။
ဒီကနေ့ ဆန္ဒပြသူတွေက စစ်အာဏာရှင်ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေနဲ့ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့သလို ထိုင်သပိတ်ကိုလည်း ပြုလုပ်ခဲ့ကြပြီး ဒီမိုကရေစီတောင်းဆိုရင်း နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားရတဲ့ အာဇာနည်သူရဲကောင်းတွေအတွက် ဘုရားမှာ နှင်းဆီပန်းကပ်လှူ ဂုဏ်ပြုဆုတောင်းပေးခဲ့ကြတာပါ။
နှစ်မြို့နယ်ပူးပေါင်းသပိတ်တပ်ဟာ စစ်အာဏာရှင်အမြစ်ပြတ်ဖြုတ်ချရေးသပိတ်ကို နေ့စဉ် နေပူပူ မိုးရွာရွာ ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်နေကြတာဖြစ်ပြီး ဒီနေ့အချိန်ထိ ဆန္ဒဖော်ထုတ်တဲ့ ပြည်သူအင်အား ကောင်းနေဆဲ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ပြည်သူတွေ ပူးပေါင်းပြီး မတ်လ ၂၉ ရက်နေ့မှာလည်း အကြမ်းဖက်တပ်ဖွဲ့တွေကို ရှောင်ရှားကာ စစ်အာဏာရှင်ကျဆုံးရေးသပိတ် ဆက်လက်ပြုလုပ်ခဲ့ကြတာပါ။
ပူးပေါင်းသပိတ်အဖွဲ့ကို ရဲနဲ့စစ်တပ်က ပစ်ခတ်ဖြိုခွင်းခဲ့လို့ ဆန္ဒပြပြည်သူ ၁ ဦးကျဆုံးအပြီး အရင်ပုံမှန် ဆန္ဒပြပွဲလုပ်တဲ့နေရာမှာ လက်နက်ကိုင်တပ်တွေ နေရာယူထားတာကြောင့် တစ်ခြားနေရာတွေမှာ ရှောင်လွှဲကာ ဆက်လက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
မြို့နယ်ပူးပေါင်းသပိတ်အဖွဲ့ဟာ မနက်ဖန် မတ်လ ၃၀ ရက်နေ့မှာတော့ ယခင်နေ့တွေကလို လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုမပြုလုပ်ဘဲ ရုံးမသွား-အလုပ်မသွား-အပြင်မထွက်ဘဲ ကိုယ့်အိမ်ထဲမှာ အသံတိတ်ပုံစံနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သွားမယ်လို့ ဆိုပါတယ်။
ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့ ပူးပေါင်းသပိတ်ဟာ မတ်လ ၂၇ ရက်နေ့က အကြမ်းဖက်စစ်တပ်နဲ့ ရဲတွေရဲ့ သေနတ်နဲ့ပစ်သတ်ခံရလို့ ဆန္ဒပြပြည်သူ ၁ ဦး ကျဆုံးခဲ့ပါတယ်။