close

ယင်းမာပင်ပြည်သူ

close

September 5, 2022

နေအိမ်မီးရှို့ဖျက်ဆီးခံရသည့် ယင်းမာပင်ပြည်သူများ အကူညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ပြည်သူတွေတွေဟာ နေထိုင်စားသောက်ရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကပိုင်ကျေးရွာ၊ ပေါင်းဝကျေးရွာနဲ့ သီးကုန်းကျေးရွာတွေကို သြဂုတ် ၁၈ ရက်ကနေ ၂၀ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ပြည်သူအယောက် ၂၄၀ ပိုင်ဆိုင်တဲ့ နေအိမ်တွေနဲ့ အခြားအဆောက်အဦ များစွာ မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီလို မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့အထဲမှာ ကပိုင်ကျေးရွာက ဆုံးရှုံးမှု အများဆုံးဖြစ်ပြီး ပြည်သူ ၁၈၁ ဦးပိုင်ဆိုင်တဲ့ နေအိမ်တွေနဲ့ တခြားအဆောက်အဦပေါင်း ၅၀၀ လောက် မီးလောင်ပြာကျသွားခဲ့ကြောင်းသိရပါတယ်။

မီးဘေးသင့်သူတွေကို အများပြည်သူလှူဒါန်းမှုနဲ့  ပထမအကြိမ် အိမ်ထောင်စုတစုကို ဆန် ၄ ပြည်နဲ့ အဝတ်အထည် ၁ ထုပ် စက်တင်ဘာ ၄ ရက်က ဒုတိယအကြိမ်အဖြစ် ငွေ ၃၀,၀၀၀ ကျပ်နဲ့အတူ ဆန် ၄ ပြည်၊ ဆီ ၁ ဘူးတို့ကို ပေးဝေနိုင်ခဲ့တယ်လို့ဆိုပါတယ်။

နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေဟာလက်ရှိအချိန်ထိ ယာတောတဲလေးတွေမှာ ဖြစ်သလို စုပေါင်းခိုလှုံနေထိုင်ကြရတာကြောင့် စေတနာရှင်ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်က ကူညီပေးကြဖို့ မေတ္တာရပ်ခံကြောင်း ပရဟိတလုပ်ကိုင်ပေးနေသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ သြဂုတ် ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ ကပိုင်ကျေးရွာအတွင်းကို တပ်စွဲနေထိုင်ခဲ့စဥ် ကပိုင်ကျေးရွာအပါအဝင် တခြားကျေးရွာတွေပါ မီးရှို့ခဲ့တာကြောင့် ဒေသခံအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရပါတယ်။

ကပိုင်ကျေးရွာမှာ  ၁၈၁ ဦး၊ ပေါင်းဝကျေးရွာမှာ ၄၁ ဦးနဲ့ သီးကုန်းကျေးရွာမှာ ၁၇ ဦးတို့ပိုင်ဆိုင်တဲ့ နေအိမ်အဆောက်အဦတွေ မီးလောင်ပြာကျဆုံးရှုံးခဲ့ရသလို ဒေသခံတချို့လည်း စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခံခဲ့ရပါတယ်။

10 seconds Ago
Up