close

ယဉ်လတ်ရှင်နာဝပ်

close

November 24, 2022

ထိုင်းဝန်ကြီးချုပ်ဟောင်း ယဉ်လတ်ရှင်နာဝပ် ဖမ်းဝရမ်းထုတ်ခံရ 

ထိုင်းဝန်ကြီးချုပ်ဟောင်း ယဉ်လတ်ရှင်နာဝပ်ဟာ သူတာဝန်ထမ်းဆောင်ခဲ့စဉ်က ဆွေမျိုးမကင်းသူတွေကို ရာထူးခန့်ခဲ့ပြီး  အစိုးရဝန်ထမ်း ရာထူးအရွှေ့အပြောင်းကိစ္စ ဥပဒေနဲ့ ညီညွတ်စွာမဆောင်ရွက်ခဲ့မှုအတွက် တရားစွဲခံထားပြီး တရားရုံးကို ရောက်မလာလို့ ဖမ်းဝရမ်း ထုတ်ခံထားရပါတယ်။

သူဝန်ကြီးချုပ်ဖြစ်ခဲ့စဉ် ၂၀၁၁ ခုနှစ် အောက်တိုဘာလက ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှူး နိုင်းထဝင်းပရင်ဆီကို ရုတ်တရက် ဝန်ကြီးများရုံး အတိုင်ပင်ခံရာထူး  ပြောင်းရွှေ့ပေးလိုက်ပြီး  အဆိုပါလုံခြုံရေးကောင်စီရာထူးနေရာမှာတော့ သူနဲ့ဆွေမျိုးမကင်းသူ ဒုရဲချုပ် ဝိချဲလ်ဆိုသူကို ခန့် ထားခဲ့ပါတယ်။ ဒုရဲချုပ်ရဲ့ ရာထူးနေရာမှာတော့ သူ့ မရီးရဲ့အစ်ကိုဖြစ်သူ ပင်စင်ယူခါနီး ရဲအရာရှိကို ဒုရဲချုပ်အဖြစ် ရာထူးတိုးမြှင့်ခန့်ထားခဲ့ပါတယ်။

အဆိုပါရာထူးရွှေ့ပြောင်းမှုတွေကို တနင်္ဂနွေရုံးပိတ်ရက်မရှောင်  အချိန်တိုတိုအတွင်း ညွှန်ကြားခဲ့လို့ ဥပဒေနဲ့အညီဆောင်ရွက်ခြင်းမရှိတာ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး နိုင်းထဝင်း ပရင်ဆီကလည်း သူ့မှာ ဘာအပြစ်တစုံတရာမရှိဘဲ ရုတ်တရက်ရာထူးရွှေ့ပြောင်းခံရတာကြောင့် မကျေနပ်ဘဲ တရားမျှတမှုဖြစ်အောင်ဆောင်ရွက်ပေးဖို့ တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ပါတယ်။ 

နိုင်ငံရေးသမားများဆိုင်ရာ တရားရုံးချုပ်က သက်သေအထောက်အထားတွေ စစ်ဆေးပြီးတဲ့နောက် ဝန်ကြီးချုပ်ဟောင်း ယဉ်လတ်ကို ရာဇဿတ်ကြီးဥပဒေပုဒ်မ ၁၅၇ အရ တာဝန်ဝတ္တရား အလွဲသုံးစားပြုမှု၊ အစိုးရဝန်ထမ်းခန့်ထားရေးဆိုင်ရာဥပဒေကို လျစ်လျူရှုမှုတွေနဲ့ တရားစွဲ ထားတာပါ။

ဝန်ကြီးချုပ်ဟောင်း ယဉ်လတ်ကတော့ တရားရုံးက ချိန်းဆိုချက်တွေကို လာရောက်ရင်ဆိုင်ခြင်းမရှိဘဲ  ရှေ့နေ ၂ ဦး ခန့်ထားကာ အဲဒီအမှုကိစ္စဆောင်ရွက်ဖို့ လွှဲအပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ စက်တင်ဘာ ၂၀ ရက်က တရားရုံးချိန်းဆိုချက်ကိုလည်း ထပ်မံပျက်ကွက်ခဲ့ပြီး မလာရောက်နိုင်ကြောင်း အကြောင်းကြားမှုတစုံတရာမရှိလို့    နိုင်ငံရေးသမားများဆိုင်ရာ တရားရုံးချုပ်က ၂၀၂၂ နိုဝင်ဘာ ၂၁ ရက် နေ့စွဲနဲ့ သူကို ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ယဉ်လတ်ရှင်နာဝပ်က “ရွေးကောက်ပွဲကနေ ဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့ သူတယောက်အနေနဲ့ အစိုးရဝန်ထမ်းတယောက်ကို ရာထူးအရွှေ့အပြောင်းလုပ်လို့ တရားစွဲခံရတာ ကမ္ဘာပေါ်မှာ ဒီထိုင်းတနိုင်ငံပဲရှိတယ်။ အနိုင်ကျင့်အပြစ်ရှာလို့ကို မဆုံးနိုင်တော့ဘူး”လို့ သူ့ရဲ့ ထွစ်တတာ လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။

အဆိုပါ ရေးသားချက်အောက်မှာ နှစ်သိမ့်အားပေးသူတွေရှိသလို မိမိအပြစ်တွေကို ရဲရဲ ဝံ့ဝံ့မရင်ဆိုင်ရဲသူ၊ ဆွေမျိုးကောင်းစားရေးသာ ဦးစားပေးတဲ့ဝန်ကြီးချုပ်ဆိုပြီး  ဝေဖန်ကြတာ တွေလည်း ရှိပါတယ်။

ယဉ်လတ်ဟာ ဝန်ထမ်းရာထူးရွှေ့ပြောင်းမှုအပြင် စပါးရောင်းချငွေ အမြတ်တော်ကြေး ငွေပြဿနာတွေနဲ့ ပတ်သက်ပြီးလည်း အမှုရင်ဆိုင်ခဲ့ရလို့ နိုင်ငံခြားမှာ ထွက်ပြေး တိမ်းရှောင်နေပါတယ်။ 

Ref-Thairath/ManagerOnline

3 mins Ago
Up