မွန်ပြည်နယ် သံဖြူဇရပ် - ရေး လမ်းမပေါ်မှာ မေ ၁၁ ရက် မနက် ၁၁ နာရီကျော်က ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံလူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ရန်ကုန်မှ ရေးဘက်သို့လာတဲ့ ကုန်ကားနဲ့ ထားဘက်ကနေ ရန်ကုန်ကိုသွားမယ် အိမ်စီးကားတို့ တိုက်မိခဲ့တာဖြစ်ပြီး အိမ်စီးကားပေါ်ပါ ခရီးသည် ၅ ဦး ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။
လူမှုကယ်ဆယ်ရေးသမားက “အိမ်စီးကားပေါ်မှာ ဘုန်းကြီး ၁ ပါးနဲ့ အမျိုးသား ၃ ယောက် အမျိုးသမီး ၁ ယောက် ပါတယ်။ ခရီးသည်အမျိုးသား ၁ ယောက်ကတော့ ပြင်းထန် ဒဏ်ရာ ရခဲ့တယ် လမိုင်းဆေးရုံကနေ မော်လမြိုင်ပြည်သူ့ဆေးရုံကိုအရေးပေါ်ပို့ရတယ်”လို့ ဆိုပါတယ်။
အိမ်စီးကားပေါ်က ဒဏ်ရာရ ခရီးသွားတွေဟာ ဘယ်မြို့နယ်ကလဲဆိုတာ မသိရသလို ဒဏ်ရာရတဲ့ သူကတော့ လမိုင်းပြည်သူ့ဆေးရုံမှာ ဆေးကုသနေတယ်လို့ သိရပါတယ်။
ရေး-သံဖြူဇရပ်ကားလမ်းမှာ ယာဥ်မဆင်ခြင်မောင်နှင်မှုတွေကြောင့် ယာဥ်တိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး လူ သေဆုံး ထိခိုက်ဒဏ်ရာ ရတာလည်း ရှိပါတယ်။
မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေးလမ်းမ၊ မော့ကနင်ရွာအပြင်ဘက်မှာ မေ ၆ ရက် ညနေ ၄ နာရီ လောက်က ဆိုင်ကယ်တစီး အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်လာရာက ကုန်ကားကို တိုက်မိပြီး တဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လမ်းပေါ်မှာ ရပ်ထားတဲ့ ကုန်ကားနောက်ပိုင်းကို အရက်မူးလွန်ပြီး ဆိုင်ကယ်အရှိန်ပြင်း မောင်နှင်လာစဉ် တိုက်မိခဲ့တာကြောင့် ဆိုင်ကယ်မောင်းသူရဲ့ ဇနီးသေဆုံးခဲ့ပြီး အမျိုးသားက ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရအမျိုးသားကိုတော့ လမိုင်းဆေးရုံကတဆင့် မော်လမြိုင်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး အမျိုးသမီးအလောင်းကိုတော့ ဒုံဖီရွာနေအိမ်ကို ပြန်ပို့ခဲ့တယ်လို့ ဒေသခံလူမှုကယ်ဆယ်ရေးသမား တွေက ပြောပါတယ်။
အဲဒီလင်မယားဟာ မင်္ဂလာဆောင်ထားတာ တပတ်လောက်သာရှိသေးပြီး ဆိုင်ကယ်နဲ့ အမျိုးသားဘက်က တီးတယ်ရွာသွားပြီး ဒုံဖီရွာကိုအပြန်လမ်းမှာ အခုလို ယာဥ်မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။
ရေး-သံဖြူဇရပ် မော်လမြိုင်ကားလမ်းမှာ ယာဥ်တိုက်မှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး ယာဥ်မဆင်မခြင်မောင်းနှင်မှုကြောင့် လူထိခိုက်သေဆုံးမှုတွေ ရှိပါတယ်။