ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် (BOC) လမ်းဆုံက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေ့စဉ်လုံခြုံရေးယူထားတဲ့ ယာဉ်ထိန်းရဲရုံးမှာ စက်တင်ဘာ ၂၉ ရက် ဒီနေ့မနက် ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနက် ၇ နာရီလောက်က အသံအကျယ်ကြီး ပေါက်သံကြားလိုက်တယ်။ BOC လမ်းဆုံက ယာဥ်ထိန်းရဲရုံမှာ ဗုံးပေါက်တာတဲ့။ လူထိခိုက်မှုတော့ မရှိဘူးကြားတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဗုံးဖောက်ခံရတဲ့ ယာဥ်ထိန်းရုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေ့တိုင်း လုံခြုံရေးယူနေတယ်လို့ သိရပါတယ်။
လှိုင်သာယာ ယာဥ်ထိန်းရုံးကို ဗုံး ၂ လုံး ဖောက်ခွဲခဲ့ပေမယ့် ၁ လုံးသာ ပေါက်ကွဲပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေအဓိကရှိတဲ့နေရာက ၁ လုံး မပေါက်ကွဲခဲ့ဘူးလို့ ဖောက်ခွဲခဲ့တဲ့ CGF-HTY အဖွဲ့ဆီက သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ ဗဟိုလမ်းနဲ့ပါရမီလမ်းထောင့် ယာဉ်ထိန်းရုံးအနီးမှာ စက်တင်ဘာ ၆ ရက် ည ၇ နာခွဲရီလောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတဦးက “အသံအကျယ်ကြီးကြားလိုက်တယ်၊ ယာဥ်ထိန်းရုံးအနီးမှာ ဗုံးပေါက်ကွဲတာလို့ သိရပြီး လူထိခိုက်တယ်တော့ မကြားမိဘူး၊ စစ်တပ်က ရှာဖွေရေးတွေ လုပ်သွားတယ်” လို့ ပြောပါတယ်။
လှိုင်မြို့နယ်မှာ မကြာခဏပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီပိုင် စက်ရုံ အလုပ်ရုံတွေလည်း ဩဂုတ်လတွင်းက ဗုံးပေါက်ကွဲမှုတွေ ရှိခဲ့ပါတယ်။