close

ယာဉ်မတော်တဆမှု

close

April 15, 2023

ထိုင်းသင်္ကြန် ၃ ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၁၁၄ ဦးရှိလာ

ထိုင်းနိုင်ငံ သင်္ကြန် ၃ ရက်အတွင်း ယာဉ်မတော်တဆမှုတွေကြောင့် ၁၁၄ ဦးသေဆုံးခဲ့တယ်လို့ ဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျော့ပါးရေးဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ထိုင်းနိုင်ငံ ဆုန်ကရမ်သကြင်္နပွဲတော်ကို ဧပြီ ၁၁ ရက်က စတင်ကျင်းပခဲ့ပြီး ကမ္ဘာ့လှည့်ခရီးသွား တွေနဲ့ နိုင်ငံသားတွေ ပါဝင်ဆင်နွှဲနေကြတာပါ။

ဧပြီ ၁၁ ရက်ကနေ ဧပြီ ၁၄ ရက်နေ့မနက်အထိ ဆွန်ကရမ်ပွဲတော်အတွင်း တနိုင်ငံလုံးမှာ ယာဥ်မတော်တဆမှု ၁၀၅၅ ကြိမ်ဖြစ်ပွားကာ သေဆုံးသူ ၁၁၄ ဦး ရှိလာခဲ့ပြီလို့ ဖော်ပြထားပါတယ်။

ဧပြီ ၁၃ ရက်နေ့မှာ ယာဉ်မတော်တဆမှု ၄၃၇ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ကာ သေဆုံးသူ ၄၉ ဦး၊ ၄၄၈ ယောက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူ အများဆုံးက ချင်းမိုင်မြို့က ဖြစ်ပြီး မြို့တော်ဘန်ကောက်မြို့က ဒဏ်ရာအများဆုံး ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဆုန်ကရမ်သကြင်္န်ပွဲအားလက်ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ ယာဥ်မတော်တဆမှုတွေက သတ်မှတ်အရှိန်ကျော်လွန်မောင်းနှင်မှု ၃၇ ရာခိုင်နှုန်း၊ အရက်မူးပြီးယာဥ်မောင်းနှင်မှု ၂၉ ရာခိုင်နှုန်းရှိကြောင်း၊ ယာဥ်မတော်တဆမှုတွေရဲ့ ၇၉ ရာခိုင်နှုန်းက ဆိုင်ကယ်မတော်တဆမှုတွေကြောင့်ဖြစ်တယ်လို့ ဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျော့ပါးရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ ဆုန်ကရမ်ပွဲတော်အတွင်း လိုက်နာရမယ့် စည်းကမ်းချက်တွေ ထုတ်ပြန်ထားပြီး ရေကစားရင်း သူတပါးကို ထိကပါးရိကပါး မဖွယ်မရာပြုလုပ်ပါက ၁၀ နှစ်ထက်မပိုသော ထောင်ဒဏ်နဲ့ ဘတ်ငွေ ၂ သိန်း၊ ရေမကစားသူ တဦးဦးကို သွားရောက်ရေပက်ပြီး ရေပက်ခံရသူရဲ့ စမတ်ဖုန်းနဲ့ အရေးကြီးစာရွက်စာတမ်း ပျက်စီးဆုံးရှုံးသွားပါက ၃ နှစ်ထက်မပိုသောထောင်ဒဏ်နဲ့ ဘတ် ၆ သောင်း၊ ရေမကစားလိုတဲ့ တဦးဦးကို သွားရောက်ရေပက်ခဲ့ပါက ၁ နှစ်ထက်မပိုသော ထောင်ဒဏ်နဲ့ ဘတ် ၁ သောင်း၊ ရေခဲတုံးနဲ့ပစ်ပေါက်ကစားတဲ့အတွက် တဖက်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ပါက ၁ လထက်မပိုတဲ့ ထောင်ဒဏ်နဲ့ ဘတ် ၁ သောင်း၊ အသံချဲ့စက်တွေနဲ့ သီချင်းကျယ်လောင်စွာဖွင့်ပြီးကခုန်မှုကြောင့် ပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ်ပြီး တိုင်ကြားပါက ၁ လထက်မပိုတဲ့ ထောင်ဒဏ်နဲ့ ဘတ် ၂ ထောင် ပြစ်ဒဏ်ခံရမယ်လို့ ထိုင်းနိုင်ငံအာဏာပိုင်တွေက ညွှန်ကြားထားပါသေးတယ်။

ထိုင်းနိုင်ငံမှာ ဆုန်ကရမ် (သင်္ကြန်) ပွဲတော်ကို ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်ကနေစ တင်ရပ်ဆိုင်းခဲ့ပြီး အခုနှစ် ၂၀၂၃ မှာ ပြန်လည်ကျင်းပခဲ့တာပါ။

12 mins Ago

March 24, 2023

ထိုင်းတွင် မိခင်ဖြစ်သူက မေ့ပြီး ကားထဲပိတ်မိခဲ့သည့် ကလေးငယ် သေဆုံး

ထိုင်းနိုင်ငံ၊ ဘူရီရမ်ခရိုင်မှာ  အမျိုးသမီးတဦးက ဗန်ကားထဲမှာ ၃ နှစ်အရွယ် ကလေးငယ်တဦးကို ၂ နာရီကြာ ပိတ်ထားမိခဲ့လို့  ကလေးငယ် အသက်ရှူကျပ်ကာ သေဆုံးခဲ့ရတယ်လို့ The Thaiger ထိုင်းသတင်းဌာနက ဖော်ပြပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိ ဖစ်စမိုင် ဆိုသူ အမျိုးသမီးက သားဖြစ်သူ အသက် ၃ နှစ်အရွယ် ကလေးငယ်ကို ကားထဲမှာ မေ့ပြီး ပိတ်ထားမိခဲ့တဲ့ အတွက် မတ်လ ၂၃ ရက် နေ့လယ် ၃ နာရီလောက်မှာ ဘန်ဘွားမြူနီစပယ် ကယ်ဆယ်ရေးအသင်းကို အကူအညီ တောင်းခံခဲ့တာမှာ ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာပြီး ဆေးရုံပို့ခဲ့ပေမဲ့ ကလေးက လမ်းမှာပဲ သေဆုံးခဲ့ရတာလို့ သိရပါတယ်။

အဆိုပါ အမျိုးသမီးဟာ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်ပြီး ကျောင်းရက်ရှည် ပိတ်ထားတဲ့အတွက် သားသမီးဖြစ်တဲ့ ၆ နှစ်အရွယ် ကလေးတဦး၊ ၃ နှစ်အရွယ် ကလေးတဦးနဲ့ ၁ နှစ်အရွယ် ကလေးတဦးတို့ကို သူရဲ့စားသောက်ဆိုင်ကို ခေါ်ဆောင်လာခဲ့ပြီး သူနဲ့အတူ သားသမီး ၃ ယောက်စလုံး ဆင်းလာပြီအထင်နဲ့ အလုပ်တွေ ဆက်လုပ်နေခဲ့ရာ အချိန်အတော်ကြာ သားလတ်ဖြစ်သူ ဂန်းကိုမတွေ့တဲ့အတွက် လိုက်လံရှာဖွေရာ ကားထဲမှာ ပိတ်မိနေခဲ့တာကို တွေ့ရှိပြီး ကယ်ဆယ်ရေးအဖွဲ့တွေကို အကူအညီ တောင်းခဲ့တာလို့ ဖော်ပြထားပါတယ်။

ရဲအရာရှိတွေ ဆက်လက်စစ်ဆေးရာမှာတော့ အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ သေဆုံးသူရဲ့ အဘွားဖြစ်သူက သူ့သမီးပြောသလို ကလေးက ကားပေါ်ကဆင်းလာပြီး ဆော့ကစားနေတာကို မတွေ့ခဲ့ဘူးလို့ ထွက်ဆိုခဲ့တဲ့အတွက် သေဆုံးသူကလေးက ဘာအတွက် ကားထဲပိတ်မိပြီး သေဆုံးရတယ်ဆိုတာကို ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ဆက်လက်စစ်ဆေးရာ သေဆုံးသူကလေးငယ်ဟာ ပိတ်မိခဲ့တဲ့ ကားနောက်ခန်းနေရာမှာ အန်ထားတာတွေနဲ့ ကားမှန်မှာ ကုတ်ခြစ်ထားတဲ့လက်ရာတွေ တွေ့ရတဲ့အတွက် မသေခင်မှာ ကားထဲကထွက်နိုင်ဖို့ ကြိုးစားခဲ့ပုံရတယ်လို့ ရဲမှူး အနူပရမ်က The Taiger ကို ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က ကျောင်းကားပေါ်မှာ ၇ နှစ်အရွယ် ကျောင်းသူတဦး တနေကုန် ပိတ်မိခဲ့တဲ့အတွက် ကားဆရာနဲ့ ကျောင်းဆရာမဖြစ်သူကို အရေးယူခဲ့ပြီး နိုင်ငံမှာ အခုလိုကိစ္စတွေ မဖြစ်စေဖို့အတွက် ကလေးငယ်တွေ ကားထဲပိတ်မိရင် ဟွန်းတီးခိုင်းဖို့ မိဘတွေ ကျောင်းဆရာမတွေကို ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

Source-The Thaiger

3 weeks Ago
Up