နိုင်ငံတကာ အာကာသစခန်းမှာ ဆိုက်ကပ်ထားတဲ့ ဆိုယုဇ် အာကာသယာဉ်ကနေ အမှုန်အမွှားတွေ ပန်းထွက်လာတာကို ယာဉ်ထိန်းချုပ်ရေးမှူးတွေက သတိပြုမိပြီးနောက် အာကာသစခန်း အပြင်ဘက်မှာ ရုရှားအာကာသယာဉ်မှူးနှစ်ဦး လိုက်ပါဖို့ စီစဉ်ထားတဲ့ ပုံမှန် အာကာသလမ်းလျှောက်တဲ့ အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပါတယ်။
နာဆာက တိုက်ရိုက်လွှင့်ထုတ်တဲ့ ဗွီဒီယိုဖိုင်မှာ တွေ့မြင်နေရပြီး ဆိုယုဇ် MS-22 အာကာသ ယာဉ်ငယ်ရဲ့ နောက်ဘက်အပိုင်းကနေ နှင်းပွင့်တွေ ဖွာထွက်လာသလိုမျိုး အမှုန်အမွှားတွေ စိမ့်ထွက်လာတာဟာ အာကာသယာဉ်ကနေ အအေးခံရည်တွေလို့ ယူဆရတဲ့ အရည်တွေ ထွက်လာတာ ဖြစ်ပုံရကြောင်း ဟူစတန်ရှိ နာဆာရဲ့ ဂျွန်ဆင် အာကာသစင်တာမှ ထုတ်လွှင့်ရေးမှာ မှတ်ချက်ပေးသူ ရော့ဘ် နာဗီယာစ်က ပြောပါတယ်။
ဒီစိမ့်ထွက်မှုဟာ အရှေ့ပိုင်းစံတော်ချိန် ည ၈ နာရီခွဲဝန်းကျင်မှာ စတင်ခဲ့ပါတယ်။ နိုင်ငံတကာ အာကာသစခန်း (ISS) အဖွဲ့သား တဦးမှ အန္တရာယ် တစုံတရာ မကျရောက်ကြောင်း နာဆာက ပြောကြားခဲ့ပါတယ်။
မော်စကိုမြို့အနီးရှိ မစ်ရှင်ထိန်းချုပ်ရေး စစ်ဆင်ရေးအတွက် ရုရှားနိုင်ငံရဲ့ တာဝန်ရှိသူတဦးက အင်ဂျင်နီယာတွေဟာ ဒီယိုစိမ့်မှုရဲ့ သဘောသဘာဝနဲ့ ဇာစ်မြစ်ကို ဆုံးဖြတ်ဖို့ လုပ်ဆောင်နေချိန်မှာ သူတို့ရဲ့ အာကာသလမ်းလျှောက်ခြင်းကို ဖျက်သိမ်းလိုက်ဖို့ ရေဒီယိုထုတ်လွှင့်မှုကနေ ပြောနေတာကို ကြားခဲ့ရပါတယ်။
ဆိုယုဇ် အာကာသယာဉ်ဟာ စက်တင်ဘာလမှာ နိုင်ငံတကာအာကာသစခန်း (ISS) ကို ရောက်ရှိလာခဲ့ပြီး အာကာသထဲ လမ်းလျှောက်ဖို့ သင့်တော်တဲ့ အာကာသယာဉ်မှူးနှစ်ဦးအပြင် နာဆာ အာကာသယာဉ်မှူးတဦးကိုပါ ခေါ်ဆောင်လာကြောင်း နာဗီယာစ်က ပြောပါတယ်။