ယူကရိန်းနိုင်ငံက အခြေအနေတွေကြောင့် ဘောလုံးအပေါ် အပြည့်အဝအာရုံစိုက်ဖို့ အလွန်ခက်ခဲခဲ့ကြောင်း ဝက်စ်ဟမ်းကွင်းလယ်လူ ယာမိုလန်ကိုက ပြောပါတယ်။
ယူကရိန်းလက်ရွေးစင်တဦးဖြစ်တဲ့ သူဟာ မနေ့ညက ကစားခဲ့တဲ့ အက်စ်တွန်ဗီလာနဲ့ပွဲစဉ်မှာ အနိုင်ဂိုး ၁ ဂိုးသွင်းခဲ့ပါတယ်။ ဂိုးသွင်းယူပြီးနောက်မှာ မိခင်နိုင်ငံက စစ်ပွဲအခြေအနေတွေကြောင့် မျက်ရည်ကျခဲ့ရတဲ့အထိ ဖြစ်ခဲ့တာကို ရုပ်သံ အနှေးပြကွက်တွေကနေ မြင်တွေ့ရပါတယ်။
ပွဲအပြီးမှာတော့ ယူကရိန်းကအခြေအနေတွေကြောင့် ဘောလုံးအပေါ် အမြဲတမ်းအာရုံစိုက်ဖို့ ခက်ခဲပြီး ရုရှားစစ်တပ်ဟာ ယူကရိန်းပြည်သူတွေကို နေ့စဉ် သတ်ဖြတ်နေတယ်လို့ ယာမိုလန်ကိုကပြောပါတယ်။
“ပြီးခဲ့တဲ့နှစ်ပတ်လောက်အတွင်းမှာ လေ့ကျင့်ချိန် သုံး လေးခါပဲ လုပ်ခဲ့တာကြောင့် ရာနှုန်းပြည့်အဆင်သင့်မဖြစ်သေးပါဘူး။ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကတည်းက လေ့ကျင့်ခန်းဆင်းဖို့ မဖြစ်နိုင်တာကြောင့် ၄ ရက်လောက်ခွင့်ယူခဲ့တယ်။ ယူကရိန်းက မိသားစုဝင်တွေနဲ့ လူတွေအကြောင်းပဲ တွေးနေခဲ့တယ်။ ပရိသတ်တွေ၊ မန်နေဂျာနဲ့ အသင်းဖော်တွေရဲ့ အားပေးထောက်ခံမှုတွေ ရရှိတာက ကျနော့်အတွက် အားတက်ရပါတယ်” လို့ ယာမိုလန်ကိုက ပြောပါတယ်။
ယာမိုလန်ကိုရဲ့ မိသားစုဝင်တွေဟာ လက်ရှိအချိန်မှာတော့ ပိုလန်ကနေတဆင့် လန်ဒန်ကို ပြောင်းရွှေ့လာခဲ့ပြီလို့ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က အတည်ပြုခဲ့ပါတယ်။