ရုရှား- ယူကရိန်း ပဋိပက္ခထဲမှာ စစ်မှုမထမ်းမနေရ စနစ်ကြောင့် စစ်တပ်ထဲ ရောက်နေတဲ့သူ တချို့ ပါဝင်နေတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၉ ရက်မှာ ဝန်ခံပြောဆိုခဲ့ပါတယ်။
ထောက်ပံ့ရေးတပ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ယာယီစစ်မှုထမ်းတချို့ကို ယူကရိန်းစစ်တပ်က စစ်သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားခဲ့လို့ ခုလို အသိအမှတ်ပြု ပြောဆိုခဲ့တာပါ။
ရုရှားဟာ စစ်မှုမထမ်းမနေရ စနစ်ကြောင့် စစ်တပ်ထဲ ရောက်နေတဲ့ စစ်သားတွေကို ယူကရိန်းမှာ သုံးမှာမဟုတ်ဘူးလို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က မတ်လ ၈ ရက်မှာ ပြောကြားခဲ့ပြီး နောက်တရက်မှာပဲ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ခုလို ဝန်ခံ ပြောဆိုလာတာ ဖြစ်ပါတယ်။
"ယူကရိန်းနိုင်ငံထဲက အထူးစစ်ဆင်ရေးထဲမှာ ပါဝင်နေတဲ့ တပ်ဖွဲ့တွေအတွင်း ယာယီစစ်မှုထမ်းတွေ ရှိနေတယ်ဆိုတဲ့ အချက်အလက် အတော်များများကို ကျနော်တို့ ကံမကောင်းစွာနဲ့ တွေ့ထားတယ်၊ လက်တွေ့ကျကျပဲ အဲဒီလို စစ်မှုထမ်းအားလုံးကို ရုရှားနိုင်ငံဆီ ပြန်ဆွဲထုတ်ပြီးပြီ" လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ အစ်ဂေါ ကိုနာရှန်ကို့ဗ်က ပြောပါတယ်။
ယာယီစစ်မှုထမ်းတွေကို တိုက်ပွဲဇုန်တွေဆီ ပို့တာရပ်ဖို့ အဆင့်ဆင့် ဆောင်ရွက်နေပြီလို့လည်း သူက ဆက်ပြောခဲ့ပါတယ်။