စစ်အာဏာရှင်နဲ့ တသားတည်း ရပ်တည်နေပြီး ဆက်လက်တာဝန်ထမ်းဆောင်နေကြတဲ့ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ဆရာဆရာမ ၅၈ ယောက်ကို ယာယီတက္ကသိုလ်ကောင်စီက ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ကာ အမည်ပျက်စာရင်းသွင်းလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
တက္ကသိုလ်ကောင်စီအနေနဲ့ ဖော်ပြပါ အရာထမ်းတွေကို အမှန်တရားဘက်မှာ ပြည်သူနဲ့အတူရပ်တည်ဖို့ အချိန်ယူကာ အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့ သူတို့ဟာ ရပ်တည်ချက် ပြောင်းလဲလာခြင်းမရှိဘဲ စစ်အာဏာရှင်နဲ့ တသားတည်း ရပ်တည်နေတာကြောင့် ခုလိုအမည်ပျက်စာရင်းသွင်းလိုက်တာဖြစ်ပြီး ထပ်မံရရှိတဲ့ အချက်အလက်တွေကိုလည်း ထပ်တိုး ထုတ်ပြန်ကြေညာသွားမယ်လို့ ဆိုပါတယ်။
ခုလို ထပ်တိုးထုတ်ပြန်ထားတဲ့ အမည်ပျက်စာရင်းသွင်း အရာထမ်းတွေထဲမှာတော့ တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်းနဲ့ မြန်မာစာဌာနတွေ အသီးသီးက ပါမောက္ခ၊ တွဲဘက်ပါမောက္ခ၊ ကထိက၊ လက် ထောက်ကထိက၊ နည်းပြစတဲ့ ရာထူးတွေ အသီးသီးက ပါဝင်နေပါတယ်။
ဒီမတိုင်ခင်ကလည်း စစ်အုပ်စုလက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်နေတဲ့ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင့်တင့်အပါအဝင် ဒုတိယပါမောက္ခချုပ် ၃ ယောက်တို့ကို ယာယီတက္ကသိုလ်ကောင်စီက ဧပြီ ၃၀ ရက်မှာ အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ ၁ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မတ်လကတည်းက ကိုဗစ်-၁၉ ကပ်ဘေးအပြင် စစ်အာဏာသိမ်းမှုနဲ့ ဆက်တိုက်ရင်ဆိုင်ခဲ့ကြရတာမို့ ပညာရေးကဏ္ဍမှာလည်း တက္ကသိုလ်တွေ၊ အခြေခံပညာကျောင်းတွေကို ပိတ်ထားခဲ့ကြရတဲ့အပြင် စစ်အာဏာ ရှင်စနစ်ဆိုးအောက်မှာ ဆက်လက်ပြီးတော့ ပညာမသင်ကြားရေးလှုပ်ရှားမှုတွေနဲ့အတူ ကျောင်းသားတွေရော မိဘပြည်သူတွေပါ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ချိတ်ဆက်ကာ ကြားကာလပညာရေးအတွက် တော်လှန်ရေးကျောင်းအဖြစ် အခမဲ့အခြေခံပညာအဖွဲ့အစည်းတခုဖြစ်တဲ့ Free Online Educational Institution Myanmar (FOEIM) က ကျောင်းတွေ ဖွင့်လှစ်သင်ကြားနေသလို အဆင့်မြင့်ပညာအဆင့်မှာလည်း နွေဦးတက္ကသိုလ်လို တော်လှန်ပညာရေးအဖွဲ့အစည်းတွေက ဘာသာရပ်ဆိုင်ရာ သင်တန်းတွေအသီးသီး သင်ကြားပေးနေတာတွေလည်း ရှိနေပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်နဲ့အညီ တက္ကသိုလ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အပြည့်အဝကျင့်သုံး ဆောင်ရွက်နိုင်ဖို့ မန္တလေးတက္ကသိုလ်ရဲ့ ယာယီတက္ကသိုလ်ကောင်စီကို ဧပြီ ၂၂ ရက်က ဖွဲ့စည်းလိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ပညာရေးယန္တရားကို လည်ပတ်ဖို့ ကြိုးစားလာချိန် ဖက်ဒရယ် ဒီမိုကရေစီပညာရေစနစ်ကို လိုလားတဲ့ သက်ဆိုင်ရာတက္ကသိုလ်တွေက ဆရာ/ဆရာမ ဝန်ထမ်း တွေ၊ ကျောင်းသား/ ကျောင်းသူတွေက တက္ကသိုလ်စီမံအုပ်ချုပ်မှုဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း တွေကို ဖွဲ့စည်းလိုက်တာပါ။
မန္တလေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက "စစ်ကောင်စီ လက်အောက်က လက်ပါးစေ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်မယ့် ညွန့်ကြားချက် ၊ အမိန့် ၊ အာဏာတွေကို ဖီဆန်ပြီး စစ်ကျွန်ပညာရေးစနစ်ကို သပိတ်မှောက်ဖို့ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်နဲ့အညီ တက္ကသိုလ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အပြည့်အဝ ကျင့်သုံးဆောင်ရွက်နိုင်ဖို့ အခုလို ဖွဲ့စည်းလိုက်တာပါ။ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်နိုင်ချေမှုန်းဖို့ ဖယ်ဒရယ်ဒီမိုကရေစီရရှိတဲ့အထိ အားမလျော့ပဲ တိုက်ပွဲဝင်သွားဖို့ လိုပါတယ်"လို့ ပြောပါတယ်။
အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်သစ် ထူထောင်နိုင်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်နဲ့အညီ တက္ကသိုလ်အုပ်ချုပ်ခွင့်ကို အပြည့်အဝ ကျင့်သုံးဆောင်ရွက်နိုင်ဖို့၊ ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ကာလအတွင်း အကြမ်းဖက် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ လက်ပါးစေ တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့အစည်းတွေအစား တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေး စီမံ/ခန့်ခွဲရေးဆိုင်ရာတာဝန်တွေကို ဆောင်ရွက်သွားနိုင်ဖို့ မန္တလေးတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီ ဖွဲ့စည်းလိုက်တာပါ။
ဧပြီ ၂၁ ရက်ကလည်း ရန်ကုန်တက္ကသိုလ်၊ ဧပြီ ၂၂ ရက်မှာ ရတနာပုံတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (စစ်ကိုင်း) စတဲ့ တက္ကသိုလ်တွေမှာ လည်း ယာယီတက္ကသိုလ်ကောင်စီတွေကို အသီးသီးဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။
မကြာခင်ကာလအတွင်း ကျန်ရှိနေတဲ့ တက္ကသိုလ်တွေမှာလည်း ယာယီတက္ကသိုလ်ကောင်စီ တွေ ဆက်လက် ဖွဲ့စည်းသွားဖို့ ရှိပါတယ်။
ယာယီတက္ကသိုလ်ကောင်စီတွေက CRPH ဦးဆောင်တဲ့ NUG အစိုးရနဲ့ ပညာရေး ဝန်ကြီးဌာနတို့ ဆွေးနွေးညှိနှိုင်းတာတွေ လုပ်ပြီး မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးစနစ်အဖြစ် ဖော်ဆောင်သွားနိုင်ဖို့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။