close

ယာယီပိတ်

close

November 29, 2022

မိုးဗြဲနှင့်ဖရူဆိုတွင် လမ်းသွားလာခွင့် ယာယီပိတ်၊ ကလေး-တမူးလမ်းကြောင်း ပြန်ဖွင့်

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်က ကင်းပုန်းချပြီး စစ်ရေးလှုပ်ရှား နေတာ ကြောင့် ပြည်သူတွေအနေနဲ့ ည ၇ နာရီမှ မနက် ၅ နာရီအတွင်း မသွားကြဖို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် MBPDF က ထုတ်ပြန်ပါတယ်။

မိုးဗြဲမြို့ပေါ် ရပ်ကွက်က နေအိမ်တချို့နဲ့ စက်တော်ရာတောင်ပေါ်မှာ စစ်ကောင်စီတပ်က ကင်းပုန်းချ လှုပ်ရှားနေတဲ့အပြင် ရပ်ကွက်တွင်း ခိုးဆိုးလုနှိုက်၊ မူးယစ်ရောင်းဝယ်ဖောက်ကားသူ တွေ တနေ့တခြား တိုးပွားလာတာကို တာဝန်ယူ ဖြေရှင်းပေးဖို့ အချိန်ကန့်သတ်ရတာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ 

အလားတူ ကယား (ကရင်နီ) ပြည်နယ် ဖရူဆိုမြို့မှာ ပွင့်လင်းရာသီ စစ်ရေးအရှိန် တိုးမြှင့် လာနိုင်တာကြောင့် မိဘပြည်သူတွေအနေနဲ့ ဝင်ထွက်သွားလာတာကို ယာယီပိတ်ထားမယ်လို့ ကရင်နီပြည်နယ်အစိုးရက နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဖရူဆိုဒေသရှိ လမ်းပိတ်ထားတဲ့ ကာလအတွင်း လုံးဝ သွားလာခွင့်ရှိမှာ မဟုတ်ဘဲ လမ်းပြန်ဖွင့်မယ့် အချိန်ကိုလည်း ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး ထုတ်ပြန်ချက်တွေကို အ​မြဲနားစွင့် လိုက်နာဆောင်ရွက်ကြဖို့ ကရင်နီပြည်နယ်အစိုးရအဖွဲ့က တိုက်တွန်းထားပါတယ်။

ဖရူဆို လမ်းပိုင်းကို ပိတ်ထားတာနဲ့ ပတ်သက်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက "ဒီလမ်းပိုင်းက အရင်ထဲက အသွားအလာပိတ်ထားတာပါ။ ဘာလို့လဲဆိုတော့ အဲဒီလမ်းမှာက အမြဲတမ်း စစ်မျက်နှာဆိုင်နေလို့ပါ။ ပြည်သူတွေအနေနဲ့ ဒီလမ်းကို ဖြတ်သန်းသွားလာနေရင် အန္တရာယ်များလို့ လမ်းအသုံးပြုခွင့် ပိတ်ပင်ထားတာ” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း တမူးမြို့နဲ့ ကလေးမြို့ကို ဆက်သွယ်ထားတဲ့ တမူး-ကလေးအာရှလမ်းမကြီးကိုတော့ နိုဝင်ဘာ ၂၉ ရက်မှစပြီး ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပြီလို့  တမူး PDF က တာဝန်ရှိသူက ပြောပါတယ်။

တမူး-ကလေး အာရှလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူ‌စောထီးအဖွဲ့တွေ နယ်မြေလှုပ်ရှားမှု နည်းလာတာကြောင့် လမ်းပြန်ဖွင့်ပေးလိုက်တာလို့  ဆိုပါတယ်။

"ကျနော်တို့ တပ်ဖွဲ့တွေက လမ်းကြောပိတ်လိုက်တော့ တမူးကလာတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်လို့ရခဲ့တယ်။‌ သူတို့ဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်။ ကျနော်တို့ဘက်ကလည်း ထိခိုက်ဒဏ်ရာရသူတွေ အနည်းငယ်ရှိခဲ့တယ်။ သူတို့က လမ်းဘေးဝဲယာက ဒေသခံနေအိမ်တွေကို လည်း မီးရှို့ခဲ့တယ်။ အခုတော့ သူတို့ဘက်က လှုပ်ရှားမှု နည်းလာလို့ လမ်းကြောကို ပြန်ဖွင့်ပေးလိုက်တာ။"

ကလေး-ခါမ်းပတ်-တမူးလမ်းမကြီးကို နိုဝင်ဘာ ၁၂ ရက်ကစပြီး ဒေသတွင်း စစ်ရေးအခြေအနေတွေကြောင့် အသုံးမပြုကြဖို့ ဒေသခံကာကွယ်ရေးတပ်တွေ သတိပေး ထုတ်ပြန်ခဲ့တာပါ။

7 mins Ago

November 6, 2022

မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းမကြီးပေါ်ရှိ အင်းတော်မြို့နယ်လမ်းပိုင်း ယာယီပိတ်

မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းမကြီးပေါ်ရှိ ကျောင်းကုန်း၊ အင်းတော်၊ မော်လူး၊ ကသာ လမ်းပိုင်းကို ည ၆ နာရီ မှ မနက် ၆ နာရီ အတွင်း ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ နိုဝင် ၅ ရက်နေ့ မနက်ပိုင်းမှာ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်ပါတယ်။

"မည်သည့် ယာဉ်အမျိုးအစားမဆို လုံးဝ(လုံးဝ) ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့နဲ့ မည်သည့်ကားများမဆို မိုးကာအုပ်မောင်းခြင်းများကို လုံးဝ(လုံးဝ)မပြုလုပ်ကြပါရန် အလေးအနက် တားမြစ်ပါတယ်" လို့ Indaw Revolution-IR အဖွဲ့ဝင်တာဝန်ရှိသူတဦးက ပြောပါတယ်။

ထုတ်ပြန်ချက်ကို မလိုက်နာပါက ဖြစ်ပွားလာတဲ့ ကိစ္စအဝဝကို လုံးဝတာဝန်မယူကြောင်း ရေးသားထုတ်ပြန်ထားပါတယ်။

အင်တာနက်လိုင်းရတဲ့ ပြည်သူတွေက လိုင်းမရတဲ့သူတွေတွေကို ဖုန်းနဲ့ဖြစ်‌စေ တခြားနည်းနဲ့ဖြစ်စေပြန်လည်အသိပေးကြဖို့နဲ့ နောက်ထပ် ကြေညာချက် မထုတ်သရွေ့ အသက်ဝင်နေမှာဖြစ်ကြောင်း IR အဖွဲ့က ရေးသားထုတ်ပြန်ထားပါတယ်။

3 weeks Ago
Up