အမျိုးသားညွတ်ရေးအစိုးရ(NUG)က CDM ပြည်သူ့ရဲတပ်ဖွဲ့ ယာယီအုပ်ချုပ်ရေးကော်မတီ ဖွဲ့စည်းလိုက်ကြောင်း အောက်တိုဘာ ၇ ရက် ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပတယ်။
ဒီကော်မတီကိုတော့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ CDM ပြည်သူ့ရဲ တပ်ဖွဲ့ဝင်တွေ ညှိနှိုင်းအစည်းအဝေးကျင်းပကာ ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။
ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်က လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တဲ့ အဆိုပါကြေညာချက်မှာ ပြည်သူ့တော်လှန်ရေးမှာ ပူးပေါင်းပါဝင်လာကြတဲ့ CDM ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို ပြန်လည်စုစည်းပြီး ဘေးကင်းလုံခြုံမှု ရှိစေရေး စီမံဆောင် ရွက်ပေးနိုင်ဖို့၊ မိသားစုကြား ဖြစ်ပေါ်လာမယ့် အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့၊ CDM မပြုလုပ်ရသေးတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို CDM နဲ့ Pre CDM တွေ ပြုလုပ်လာစေပြီး အနာဂတ်ဖက်ဒရယ် ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းနိုင်ရေး အထောက်အပံ့ဖြစ်စေဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းလိုက်ကြောင်း ဖော်ပြထားတာပါ။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်က မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ် ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။
ဒါ့အပြင် စစ်အာဏာရှင်စနစ်ကို မလိုလားကြတဲ့အတွက် CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလာကြတဲ့ ပြည်သူ့ဘက်တော်သား စစ်သားတွေ၊ ရဲတွေကိုလည်း အမျိုးသားညီညွတ် ရေးအစိုးရ(NUG)က လက်ခံကြိုဆိုနေပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်နိုင်ရေးအတွက် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။