ဆော်ဒီနှင့်အိုမန်နိုင်ငံတို့က ကိုယ်စားလှယ်အဖွဲ့ ယီမင်နိုင်ငံ၌ ဟူသီအရာရှိများနှင့် တွေ့ဆုံဆွေးနွေး
ဆော်ဒီအာရေဗျနဲ့ အိုမန်နိုင်ငံတို့က ကိုယ်စားလှယ်အဖွဲ့တွေ ယီမင်နိုင်ငံမြို့တော်ဆာနာမှာ ဟူသီအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဟူသီအစိုးရပိုင်မီဒီယာက ကြေညာပါတယ်။
ကုလသမဂ္ဂငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေနဲ့ အပြိုင် လုပ်ဆောင်နေတဲ့ ဆော်ဒီနဲ့ ယီမင်အစိုးရတို့ကြား အိုမန်အစိုးရက ညှိနှိုင်းပေးတဲ့ ဆွေးနွေးမှုတွေ တိုးတက်မှုရှိတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
တရုတ်နိုင်ငံကကြားဝင်စေ့စပ်ထားတဲ့ သဘောတူညီချက်တစ်ရပ်မှာ နှစ်နိုင်ငံဆက်ဆံရေး ပြန်ထူထောင်ဖို့ ဆော်ဒီအာရေဗျနဲ့ အီရန်တို့က သဘောတူခဲ့ကြပြီးတဲ့နောက် ငြိမ်းချမ်းရေးအစပျိုးမှုတွေ အရှိန်အဟုန်ရ လာခဲ့ပါတယ်။
“ဒါက လူတိုင်းလိုလားတောင့်တနေတဲ့ အခြေအနေပါပဲ”လို့ ယီမင်စီးပွားရေး လုပ်ငန်းရှင် ဖှူအက် အာနန်ကပြောပါတယ်။
ယီမင်ရဲ့ ကာလရှည်ကြာစစ်ပွဲမှာ ဆော်ဒီစစ်တပ်ပါဝင်မှုကို အဆုံးသတ်ဖို့ အမြဲတမ်းအပစ်အခတ် ရပ်စဲရေး ကြိုးပမ်းနေတဲ့ ဆော်ဒီအစိုးရကို ရည်ညွှန်းပြောဆိုခဲ့တာပါ။
“ပြီးခဲ့တဲ့ ရှစ်နှစ် ဒါမှမဟုတ် ဆယ်နှစ်အတွင်း ယီမင်မှာ တွေ့ကြုံခဲ့ရတာတွေက လုံလောက်ပါတယ်။ ယီမင်မှာ အများကြီးခံစားခဲ့ရပြီး ဒါက ကြာကြာခံမှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်။ ကျနော်တို့ရဲ့ အမိမြေမှာ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေး စိုးမိုးနိုင်မယ်လို့ ကျနော် တို့ မျှော်လင့်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
“ဒီအရာတွေက နိုင်ငံတော်ရဲ့ ၂၀၃၀ ပြည့်နှစ်မျှော်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို ပိုမိုဆွဲဆောင်နိုင်မှာဖြစ်ပြီး အိမ်ရှေ့မင်းသား ပြောခဲ့တဲ့အတိုင်း အရှေ့အလယ်ပိုင်းရဲ့ အနာဂတ်ဖြစ်လာမှာပါ”လို့ ဆော်ဒီဘဏ္ဍာရေးနှင့်စီးပွားရေး အတိုင်ပင်ခံ မာဂျာအယ်လ်ဆိုဝေ့ဂျ်က ပြောပါတယ်။
"လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ထူထောင်ရေးဟာ ကမ္ဘာလုံးဆိုင်ရာ ပန်းတိုင်ဖြစ်လာပြီး ငြိမ်းချမ်းရေးဟာ တစ်ကမ္ဘာလုံးအတွက်နဲ့ အထူးသဖြင့် အရှေ့အလယ်ပိုင်းနဲ့ ဆော်ဒီအာရေဗျရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး ပါဝါအတွက် ကမ္ဘာလုံးဆိုင်ရာ ပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပါတယ်" လို့ သူက ဆက်ပြောပါတယ်။
ယီမင်စစ်ပွဲကို အီရန်နဲ့ ဆော်ဒီ အာရေဗျတို့ရဲ့ ကြားခံတိုက်ပွဲများစွာထဲမှ တစ်ခုအဖြစ် ရှုမြင်ကြတာပါ။
အီရန်နဲ့မဟာမိတ်ဖွဲ့ထားတဲ့ ဟူသီတွေက ဆော်ဒီကျောထောက်နောက်ခံပြု ယီမင်အစိုးရကို ၂၀၁၄ ခုနှစ်နှောင်းပိုင်းမှာ ဖြုတ်ချခဲ့ပါတယ်။
အကျင့်ပျက်ခြစားတဲ့စနစ်နဲ့ ပြည်ပရန်လိုမှုတွေကို ဆန့်ကျင်ထကြွနေတယ်လို့ ပြောရင်း ယီမင်မြောက်ပိုင်းမှာ ဆော်ဒီကျောထောက် နောက်ခံပြု အစိုးရကို ဖယ်ရှား ခဲ့ပါတယ်။
အဲဒီနောက် ဟူသီတွေဟာ ဆော်ဒီဦးဆောင်တဲ့ စစ်ဘက်မဟာမိတ်အဖွဲ့ကို ၂ဝ၁၅ ခုနှစ်ကတည်းက ဆန့်ကျင်တိုက်ခိုက်ခဲ့လို့ သန်းချီတဲ့ ယီမင်လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီအပေါ် မှီခိုနေရတဲ့ ပဋိပက္ခတစ်ခုဖြစ်လာခဲ့ပါတယ်။
ကမ္ဘာ့အကြီးဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးကြုံနေတဲ့ ယီမင်နိုင်ငံ အတွက် ဖေဖော်ဝါရီ ၂၇ ရက်က အလှူရှင်တွေဆီက ရတဲ့လှူဒါန်းငွေ ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ လောက်ကို ကုလသမဂ္ဂ ထောက်ပံ့ကူညီမှုအစီအစဉ်နဲ့ ပေးအပ်ခဲ့ပါတယ်။
ထောက်ပံ့ငွေမလုံလောက်လို့ ကုလသမဂ္ဂအေဂျင်စီတွေဟာ စားနပ်ရိက္ခာတွေအပါအဝင် ယီမင်အကူအညီပေးရေးစီမံကိန်းတွေကို လွန်ခဲ့သည့်နှစ် နည်းနည်းအတွင်း အရှိန်လျော့ခဲ့တာပါ။
ပြီးခဲ့တဲ့ နှစ်က တောင်းခံထားတဲ့ ဒေါ်လာ ၄ ဒသမ ၂၇ ဘီလီယံထဲက ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံကို အလှူရှင်တွေက ပေးခဲ့တယ်လို့ ကုလသမဂ္ဂ အချက်အလက်တွေက ဆိုထားပါတယ်။
ယီမင်ရဲ့ ထိပ်တန်းအလှူရှင် အမေရိကန်က အခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှုအတွက် ဒေါ်လာ ၄၄၄ သန်းကျော် ကတိပြုခဲ့တာပါ။
ယီမင်စစ်ပွဲ စတင်ချိန်ကစပြီး စုစုပေါင်း အလှူငွေ ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံအထိ ရှိလာခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က "စီးပွားရေးဟာ အခက်အခဲတွေ ကြီးကြီးမားမား ကြုံတွေ့နေရပြီး အခြေခံ ဝန်ဆောင်မှုတွေ ပြိုလဲမယ့် အန္တရာယ်နဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လိုအပ်ချက် တွေဆက်မြင့်တက် နေတယ်၊ လက်လှမ်းမီမှုက ကန့်သတ်ချက်ရှိပြီး နှစ်ရှည်ရန်ပုံငွေ နည်းပါးနေသေးတယ်”လို့ ပြောပါတယ်။
အခုနှစ် ရန်ပုံငွေရှာဖွေတာ စတင်မယ့် အဆင့်မြင့် ကတိကဝတ်ပြုပွဲကို ဆွီဒင်နဲ့ ဆွစ်ဇာလန်တို့က ပူးတွဲကျင်းပခဲ့တာပါ။
ကမ္ဘာ့ကုလသမဂ္ဂက အခုနှစ်မှာ ထောက်ပံ့ ကူညီနိုင်ဖို့ စံချိန်တင် အမေရိကန် ဒေါ်လာ ၅၁ ဒသမ ၅ ဘီလီယံ လိုအပ်တယ်လို့ ပြောထားပါတယ်။
ယီမင်နိုင်ငံရဲ့ ရှစ်နှစ်ကြာ ပဋိပက္ခဟာ ၂၀၁၄ ခုနှစ်နှောင်းပိုင်းမှာ မြို့တော် ဆာနာကနေ နိုင်ငံတကာအသိအမှတ်ပြု ယီမင်အစိုးရ ဖယ်ရှားခဲ့တဲ့ အီရန်နောက်ခံပြု ဟူသီအုပ်စုကို ဆော်ဒီအာရေးဗီးယား ဦးဆောင်တဲ့ စစ်ဘက်ညွန့်ပေါင်း အဖွဲ့က ဆန့်ကျင်ရာက ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ရှစ်နှစ်အတွင်း ပထမဆုံးအနေနဲ့ စီးပွားရေးဆိုင်ရာ ကုန်တင်သင်္ဘောတွေဟာ ဟူသီတွေ ထိန်းချုပ်ထားတဲ့ ဟိုဒေးဒါဆိပ်ကမ်းဆီ ဖေဖော်ဝါရီ ၂၅ရက်က ဆိုက်ကပ်ခဲ့တယ်လို့ ဆိပ်ကမ်း အရာရှိတွေက ပြောခဲ့ပါတယ်။
ဒီသင်္ဘောတွေက ကုလသမဂ္ဂ ယီမင်ဆိုင်ရာ စစ်ဆေး အတည်ပြုရေး လုပ်ထုံးလုပ်နည်း (UNVIM) ရဲ့ ကင်းရှင်းကြောင်း အတည်ပြုချက်ရထားပြီးသား ဖြစ်တယ်လို့ ဆိပ်ကမ်း အရာရှိတွေက ပြောပါတယ်။