close

ယုကရိန်း

close

June 6, 2022

ရုရှား စစ်ရာဇဝတ်မှုများ စုံစမ်းစစ်ဆေးရန် ယူကရိန်းကို အမေရိကန် ကူညီမည်

ရုရှားစစ်သားတွေ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု ဖြစ်နိုင်ခြေတွေကို စုံစမ်းစစ်ဆေးရာမှာ အမေရိကန်က ယူကရိန်း အာဏာပိုင်တွေကို ပံ့ပိုးကူညီသွားမယ်လို့ ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဘရစ်ဂျက် ဘရင့်ခ်က ယူကရိန်းနိုင်ငံ ဘိုရိုဒီယန်ကာပြည်နယ်ဆီ ဇွန်လ ၄ ရက်က သွားရောက်လည်ပတ်ချိန်မှာ ပြောလိုက်ပါတယ်။

“ဗုံးကြဲ၊ ဗုံးခွဲခဲ့ပြီး ရုရှားတပ်တွေ ပြန်ဆုတ်သွားတဲ့ မြို့တွေထဲမှာ ရာချီတဲ့ အရပ်သား အလောင်းတွေကို တွေ့ခဲ့ရတာပါ။ အစိုးရရှေ့နေချုပ်ရဲ့ ကြိုးစားအားထုတ်မှုက တကယ်အရေးကြီးတယ်လို့ ကျမ ထင်ပါတယ်။ ပြီးတော့ စစ်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် စုံစမ်းစစ်ဆေးတာတွေ ရပ်သင့်တယ်၊ ဒါမှမဟုတ် ခဏ နားသင့်တယ်လို့ မထင်ပါဘူး။ လူတွေက တရားမျှတမှုနဲ့ ထိုက်တန်နေပြီလို့ ထင်တယ်”လို့ သံအမတ်ကြီးက ပြောပါတယ်။

အရပ်သားတွေအပေါ် ရုရှားစစ်သားတွေက လိင်အကြမ်းဖက်မှုစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးဖို့ ယူကရိန်းရဲတပ်ဖွဲ့က အမှုဖွင့်ထားတယ်လို့ ယူကရိန်း လက်ထောက်ပြည်ထဲရေးဝန်ကြီးက ဇွန် ၃ ရက်တွင် ပြောပါတယ်။

စစ်ရာဇ၀တ်မှု ဖြစ်နိုင်ခြေ စုစုပေါင်း အမှု ၁၀,၀၀၀ ကျော်ကို ဖော်ထုတ်ခဲ့ပြီးပြီလို့ ယူကရိန်းက ပြောပါတယ်။

ယူကရိန်း၊ သူ့ရဲ့ နိုင်ငံတကာ မဟာမိတ်တွေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးတို့ဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအဝင် ဖြစ်နိုင်ခြေရှိတဲ့ စစ်ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးနေပါတယ်။ 

ရုရှားကတော့ စစ်ပွဲအတွင်း အရပ်သားတွေကို ပစ်မှတ်မထားသလို စစ်ရာဇဝတ်မှုတွေကို မကျူးလွန်ဘူးလို့ ငြင်းပါတယ်။ ယူကရိန်း ရုရှား စစ်ပွဲအတွင်း အမျိုးသမီးနဲ့ ကလေးအများစု အပါအဝင် လူထောင်ချီ သေဆုံးပြီး လူ သန်းချီ နိုင်ငံစွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

1 min Ago
Up