ရန်ကုန်၊ ယုဇနဥယျာဉ်မြို့တော်မှာ ဧပြီ ၁၀ ရက်နေ့က လျှပ်စစ်မီးပျက်ချိန် အခန်းထဲပိတ်လှောင်ရင်း ကလေးငယ်တယောက်အပါအဝင် လူ ၃ ယောက် သေဆုံးသွားပါတယ်။
ယုဇနဥယျာဉ်မြို့တော်မှာ အေ ဘလောက်၊ ၉၄ ရပ်ကွက်၊ ၁၄ လမ်း၊ မြေညီထပ်တခုမှာ အသက် ၅၆ နှစ်အရွယ် ဒေါ်နှင်းကြည်နဲ့ ၃၁ နှစ်အရွယ် ကိုချစ်လပြည့်တို့ သေဆုံးခဲ့တာဖြစ်ပြီး ကလေးငယ်တယောက်ကတော့ ဆေးရုံကိုရောက်ပြီးမှ သေဆုံးသွားတာပါ။
အေဘလောက်မှာနေထိုင်သူတယောက်က “ကျနော်တို့ဆီက အုပ်ချုပ်ရေးမှူး ပြောသလောက်ပဲ သိရတာပါ။ ဆေးရုံက အဖြေတော့ မသိရသေးဘူး။ လောလောဆယ်မှာတော့ အောက်စီဂျင်ပြတ်ပြီးသေတာလို့ပဲ ယူဆထားတယ်။ မီးက ကြေညာထားသလိုဆိုရင်တော့ ၄ နာရီလာ ၄ နာရီပြတ်ပေါ့။ ဒါပေမယ့် ပြတ်ချင်သလို ပြတ်နေတာပါပဲ” လို့ ပြောပါတယ်။
အဲဒီအိမ်သားတွေ သေဆုံးနေတာကို မနက် ၁၂ နာရီလောက်မှာ သိခဲ့ရပြီး အခန်းထဲမှာ မီးစက်နှိုးထားတာကိုတွေ့ရတယ်လို့ သွားရောက်ကူညီခဲ့သူတယောက် ပြောပါတယ်။ ရာသီဥတုပူပြင်းချိန် လေအေးပေးစက်ဖွင့်ဖို့ မီးစက်နှိုးထားတာလို့ ယူဆပြီး အလုံပိတ်ခန်းထဲ အောက်စီဂျင်ပြတ်သွားတာလို့ ယူဆထားကြပါတယ်။
ကလေးငယ်ကတော့ ကူညီကယ်ဆယ်သူတွေရောက်လာချိန်မှာ မေ့မြောနေပြီး ဆေးရုံကို တင်လိုက်ပေမယ့် ဆေးရုံမှာပဲ သေဆုံးသွားတယ်လို့ သိရကြောင်း ရပ်ကွက်ဒေသခံတွေက ပြောပါတယ်။ဓာတ်ပုံ - Khin Maung Zin
ရန်ကုန်တိုင်း၊ ယုဇနဥယျာဉ်မြို့တော်၊ အမှတ် ၉၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဖေဖော်ဝါရီ ၁၉ ရက်က စီးနင်းပစ်ခတ်ခဲ့တာကြောင့် ရာအိမ်မှူး ၂ ဦးသေဆုံးပြီး အုပ်ချုပ်ရေးအဖွဲ့ဝင် လေးဦး ဒဏ်ရာရှိခဲ့တယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒေသခံအမျိုးသား တဦးက "ညနေ ၃ နာရီ ၄၅ လောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဝင်ပစ်တာ သေနတ်သံတွေကော လက်ပစ်ဗုံးသံလည်းကြားရတယ်။ အုပ်ချုပ်ရေးပိုင်းက လူတွေ ရုံးထဲ ရှိနေတုန်းဝင်ပစ်တာ သေနတ်သံတွေက ဆူညံသွားတာပဲ။ ရာအိမ်မှူး နှစ်ဦး သေတယ်။ ဆယ်အိမ်မှူးနဲ့ တခြားရာအိမ်မှူးတွေလည်း ဒဏ်ရာရတယ် ကြားတယ်" လို့ ဆိုပါတယ်။
ပစ်ခတ်မှုကြောင့် စစ်ကောင်စီကို အထောက်အပံ့ပြုနေတဲ့ ဒေါက်တိုင် ရာအိမ်မှူး ဦးဝင်းမြင့်နဲ့ ဦးထွန်းထွန်းဝင်းတို့ ထိမှန်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူ တဦးက “ရာအိမ်မှူး ထွန်းထွန်းဝင်းက ပွဲချင်းပြီး သေပါတယ်။ ဦးဝင်းမြင့်ကတော့ ယာနံစောင်းကို ထိတဲ့ဒဏ်ရာကြောင့် ဆေးရုံပို့ဆောင်စဉ်မှာ သေဆုံးခဲ့ပါတယ်။ တခြားရာအိမ်မှူး နှစ်ဦး ဆယ်အိမ်မှူး တဦးနဲ့ ဆိုင်ကယ် ကယ်ရီဆွဲသူတဦးကတော့ ဒဏ်ရာ ရခဲ့ပါတယ်လို့ ပြောပါတယ်။
ဒဏ်ရာရသူတွေကတော့ အမှတ် ၉၄ ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်တဲ့ ရာအိမ်မှူး ဦးမြင့်ဝေ၊ ရာအိမ်မှူး ဒေါ်ခင်ဆွေဝင်း၊ ဆယ်အိမ်မှူး ဦးဖြိုးကိုကိုမောင်နဲ့ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ ဦးအောင်ဝင်းတို့ဖြစ်ပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ်ထဲက အုပ်ချုပ်ရေးမှူးတွေအနေနဲ့ စစ်ကောင်စီ ဒေါက်တိုင်တွေအဖြစ် ဆက်မလုပ်ဖို့နဲ့ နုတ်ထွက်ဖို့ကိုလည်း ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။