close

ယူကရိန်စစ်ဘေးရှောင်

close

June 25, 2022

ယူကရိန်စစ်ဘေးရှောင်များအတွက် ရထားတွဲများဖြင့် ယာယီနားခိုရာအိမ်ရာ စီစဉ်ပေးထား

ရုရှားရဲ့ ကျူးကျော်စစ်အတွင်း ယူကရိန်းနိုင်ငံက အာပင်မြို့ကလေးမှ လူနေစရာ နေအိမ်အဆောက်အအုံတွေ သုံးပုံတပုံကျော်လောက်  ပျက်စီးဆုံးရှုံးခဲ့ရလို့ မြို့သူမြို့သားတွေအတွက် ယာယီအိမ်ရာအဖြစ်  ရထားတွဲတွေပေါ်မှာ  စီစဉ်ပေးထားရပါတယ်။

ယူကရိန်းနိုင်ငံ ကိယက်ဗ်ဒေသ အာပင်မြို့က ဗီရာဆမ်ဆိုနိုဗာနဲ့ ဆာဟီဆမ်ဆိုနော့ဗ်တို့ ဇနီးမောင်နှံဟာ မတ်လ ၅ ရက်နေ့က ရုရှားဒုံးကျည်တွေကြောင့် သူတို့နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားရပါတယ်။

ဆာဟီ ဆမ်ဆိုနော့ဗ်က “ဗုံးဆန်ထိပြီး အရာအားလုံး မီးလောင်သွားတယ်။ မြေပြင်မှာ အရာအားလုံး ပျက်စီးသွားတယ်။ တစ်လျှောက်လုံး စုဆောင်းထားတဲ့ ငါတို့ပိုင်ဆိုင်သမျှ ပစ္စည်းဥစ္စာတွေအကုန်လုံး မီးထဲပါသွားပြီ”လို့ ပြောပါတယ်။

ဗီယာ ဆမ်ဆိုနိုဗာကတော့ “ မိသားစု ၂၆ စုစလုံး အသက်ဘေးက လွတ်မြောက်ပါတယ်။ တချို့က ထွက်ပြေးတယ်။ တချို့က အိပ်နေသူတွေကို လိုက်နှိုးတယ်။ အိမ်တွေထဲကနေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လွတ်အောင်ပြေးကြတယ်” လို့ပြောပါတယ်။

အဲဒီနောက် သုံးလကျော်ကြာ အကြာမှာ သူတို့လင်မယားဟာ သူတို့မြို့မှာဘဲ ယာယီနေထိုင်စရာ နေရာအဖြစ် ပြောင်းလဲထားတဲ့ ရထားတွဲကို ‌ရွှေ့ပြောင်းနေထိုင်ကြပါတယ်။

ယူကရိန်းမီးရထားကုမ္ပဏီ ယူဇက်ဟာ သူ့ရဲ့ ရထားတွဲငါးခုကို အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ လူ ၁၀၀ လောက်နေနိုင်တဲ့ အိမ်ရာအဖြစ် ပြောင်းလဲပေးခဲ့တာပါ။ ရထားတွဲတွေမှာ လေအေးပေးစက်၊ အိမ်သာနဲ့ ဘီလီယံနာ သူဌေး အီလွန်မတ်စ် လှူဒါန်းထားတဲ့ စတားလင့်ခ် အင်တာနက်  တပ်ဆင်ပေးထားပါတယ်။

ရထားတွဲပေါ်က ခိုလှုံစရာ နေရာနဲ့ပတ်သက်ပြီး ဗီယာ ဆမ်ဆိုနိုဗာက “ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် ခေါင်းချအိပ်စက်နိုင်တဲ့ နေရာလေးတစ်ခု ရှိခဲ့ပါပြီ” လို့ပြောပါတယ်။

ယာယီအိမ်ရာဧရိယာမှာ အသားကင်စရာနေရာ၊ ကလေးကစားကွင်းနဲ့ အိမ်ရာမှာ နေထိုင်သူတွေသာ ဝင်ရောက်ကြည့်ရှုနိုင်တဲ့ နွေရာသီရုပ်ရှင်ရုံတွေ ထည့်သွင်းပေးထားပါတယ်လို့ ရထားကုမ္ပဏီက ပြောပါတယ်။ ရထားတွဲတွေမှာ ခိုလှုံနေထိုင်သူတွေကို အစိုးရမဟုတ်တဲ့ အလှူရှင်အဖွဲ့အစည်းတစ်ခုက အခမဲ့အစားအသောက် ပေး‌ဝေပါတယ်။

Iron Town လို့ နာမည်ပေးထားတဲ့ ဒီရထားတွဲ ယာယီအိမ်ရာမှာနေထိုင်ဖို့ ပထမဆုံး မိသားစုဟာ ဇွန် ၁၅ ရက်က ရောက်လာပါတယ်။

ကျဉ်းမြောင်းတဲ့ ရထားတွဲအခန်းထဲမှာ ခင်ပွန်းဖြစ်သူနဲ့အတူ ထိုင်နေတဲ့ ဆမ်ဆိုနိုဗာတစ်ယောက် ၀မ်းနည်းမျက်ရည် ကျနေပါတယ်။

သူ့လိုဘဲ မျက်ရည်စို့နေတဲ့ သူ့အမျိုးသားကို အားပေးစကားပြောကြားခဲ့ပါတယ်။ ဆမ်ဆိုနိုဗာဟာ အသက် ၇၂နှစ် ရှိပါပြီ။ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီးတဲ့နောက်မှာ မိသားစုနဲ့အတူ တစ်နေရာကတစ်နေရာကို ပြောင်းရွှေ့နေထိုင်လာခဲ့ကြတဲ့ သူတို့ဇနီးမောင်နှံနှစ်ဦးဟာ ဒီသေးငယ်ကျဉ်းမြောင်းတဲ့ နေရာလေးကနေ ဘဝတစ်ခု ပြန်ပြီးတည်ဆောက် ဖန်တီးကြမှာပါ။

သူတို့နှစ်လိုပဲ  အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သူ အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ အာပင်မြို့သူ မာရီယာ မော်ဟန်း ကတော့ Iron Town သံမြို့ဟာ သူ့အနာဂတ်အတွက် ရေရှည်‌နေသွားဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

မာရီယာ မော်ဟန်းက “ဒီမှာ ခဏနေနိုင်ပေမဲ့ အချိန်အကြာကြီးတော့ မနေနိုင်ပါဘူး။ ကိုယ့်အိမ်ပဲ ကိုယ်ပြန်ချင်တယ်”လို့ ပြောပါတယ်။

မြို့တော်ကိယက်ဗ်ရဲ့ အနောက်မြောက်ဘက် ၂၅ ကီလိုမီတာ‌ဝေးတဲ့ အာပင်မြို့မှာ မတ်လအစောပိုင်းတုန်းက ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးကတည်းက အာပင် မှာရှိတဲ့ အဆောက်အဦ ရာခိုင်နှုန်း  ၇၀ ကျော်လောက် ပျက်စီးသွားတယ်လို့ ယူကရိန်းအရာရှိတွေက ပြောပါတယ်။

50 seconds Ago
Up