close

ယူကရိန်းစိုက်ပျိုးရေးလုပ်ငန်း

close

May 5, 2022

ယူကရိန်းစိုက်ပျိုးရေးကဏ္ဍ ပုံမှန်မဖြစ်လျှင် ကမ္ဘာ့စားနပ်ရိက္ခာ အခက်အခဲ မဖြေရှင်းနိုင်ဟု ကုလပြော

ယူကရိန်းမှာ စိုက်ပျိုးရေးလုပ်ငန်းတွေကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင် မလုပ်နိုင်ဘဲနဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အခက်အခဲကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မေ ၄ ရက်မှာ ပြောပါတယ်။

ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို ကျူးကျော်လိုက်တဲ့နောက်ပိုင်း ကမ္ဘာမှာ ငွေကြေးဈေးကွက်တွေ မတည်မငြိမ်ဖြစ်ကာ စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာခဲ့ပြီး ကိုဗစ်-၁၉ အလွန် ကမ္ဘာ့စီးပွားရေး ပြန်နာလန်ထမယ့် လမ်းကြောင်းကနေ သွေဖည်ခဲ့ရတယ်လို့ ဂူတာရက်စ်က ပြောသွားတာပါ။

နိုင်ဂျီရီးယားနိုင်ငံမှာ ရောက်နေတဲ့ ဂူတာရက်စ်က သူ့အနေနဲ့ ယူကရိန်းစစ်ကို မရပ်တန့်နိုင်ရင်တောင် ယူကရိန်းရဲ့ စိုက်ပျိုးရေးကဏ္ဍနဲ့ ရုရှားရဲ့ ဓာတ်မြေသြဇာ ထုတ်လုပ်မှုကို ပုံမှန်ပြန်ဖြစ်လာအောင် ကြားဝင်ဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ပြောပါတယ်။

နိုင်ဂျီရီးယားနိုင်ငံ မြို့တော် အဘူဂျာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ဂျီးရီးယားသမ္မတ မွတ်ဟာမက် ဘူဟာရီလည်း အတူရှိနေပြီး ကမ္ဘာကြီးဟာ ယူကရိန်းအရေးကြောင့် နိုင်ဂျီးရီးယားကို မေ့နေပြီလို့ မှတ်ချက်ပေးသွားပါတယ်။

ယူကရိန်းစစ်ပွဲကို အကြောင်းပြုလို့ ရုရှားအပေါ် အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားတဲ့အတွက် နိုင်ဂျီးရီးယားဟာ အရင်ကလို ရုရှားကနေ ဓာတ်မြေသြဇာတွေ မဝယ်ယူနိုင်တော့ဘဲ ကနေဒါဘက်ကနေ အရေးပေါ် သွင်းခဲ့ရတာကို ရည်ရွယ်ပြီး ပြောတာပါ။

အရင်လတုန်းက နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ကြောင့် ဆာဟာရတပိုင်း နိုင်ငံတွေမှာ စားနပ်ရိက္ခာနဲ့ လောင်စာဆီ ဈေးနှုန်းတွေ မြင့်တက်လာပြီး ဆင်းရဲသားတွေ အငတ်ဘေးဆိုက်တော့မယ့် ကိန်းမျိုး ကြုံနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

ဒီဒေသမှာ နိုင်ငံအတော်များများဟာ ကိုဗစ်-၁၉ ကပ်ဘေးကနေလည်း မလွတ်မြောက်နိုင်သေးတာကြောင့် တပူပေါ် နှစ်ပူဆင့် ဆိုသလို အဖြစ်မျိုးနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။

1 min Ago
Up