ယူကရိန်းတပ်ဖွဲ့တွေဟာ နိုင်ငံရဲ့ တောင်ပိုင်းတကြောကို ချီတက်နေတာကြောင့် နယ်မြေ ၄၁ ခု လွတ်မြောက်ခဲ့ပြီလို့ သမ္မတ ဇလန်းဇကီးက နိုဝင်ဘာ ၁၀ ရက်နေ့မှာ ပြောပါတယ်။
“ဒီနေ့ တောင်ပိုင်းက သတင်းကောင်းမှာတော့ စစ်ဆင်ရေးလုပ်နေဆဲ နယ်မြေအတွင်းမှာ ယူကရိန်းအလံ ဒါဇင်နဲ့ချီပြီး သူတို့ရဲ့ မှန်ကန်တဲ့နေရာကို ပြန်ရောက်နေပြီဖြစ်ပြီး နယ်မြေ ၄၁ ခု လွတ်မြောက်သွားပြီဖြစ်လို့ တိုးတက်မှုတွေဖြစ်လာအောင် စွမ်းဆောင်ပေးတဲ့ သူရဲကောင်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်”လို့ဇလန်းစကီးက သူ့ရဲ့ ညနေခင်း ရုပ်သံမိန့်ခွန်းထဲမှာ ပြောသွားပါတယ်။
လွတ်မြောက်နယ်မြေတွေကို အဓိကထား မိုင်းတွေရှင်းသွားမှာဖြစ်ပြီး ပြည်သူတွေ ဘေးကင်းကင်း ပြန်လာလို့ရအောင် လုပ်ဆောင်သွားမယ်လို့လည်း သူကဆိုပါတယ်။
တိုက်ပွဲတွေပြီးရင် ဆယ်စုနှစ်တွေချီပြီး ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရမှာဖြစ်ပြီး ပထမဦးဆုံးတော့ အဆောက်အဦတွေ၊ လူမှုရေးဆိုင်ရာ အဆောက်အအုံတွေ၊ ဆက်သွယ်ရေးတွေ၊ လမ်းတွေနဲ့လူနေအိမ်တွေရှိတဲ့ နေရာတွေတခုလုံးကို မိုင်းတွေရှင်းသွားရမယ်လို့လည်း ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ တောင်ပိုင်းကနေ ဆုတ်ခွာသွားချိန် ခါဆွန်အနီးတဝိုက်မှာ မြေမြှုပ်မိုင်းတွေ ချန်ထားခဲ့မယ်လို့ မှန်းဆရကြောင်းလည်း ဇလန်းစကီးက ပြောပါတယ်။
မော်စကိုဟာ သူ့တပ်ဖွဲ့ဝင်တွေကို တခုတည်းသော သိမ်းပိုက်နိုင်ခဲ့တဲ့ ဒေသမြို့တော် ခါဆွန် အပါအဝင် နီးပရိုမြစ် အနောက်ဘက်ကမ်းက ရုရှားလက်ထဲကျရောက်နေတဲ့ နယ်မြေတခုလုံးကနေ ဆုတ်ခွာဖို့ နိုဝင်ဘာ ၉ ရက်က အမိန့်ပေးခဲ့ပါတယ်။
ယူကရိန်းအရာရှိတွေဟာ အများအားဖြင့် ပြည်သူတွေကို အခုထိ သတိထားနေရပြီး ရုရှားတွေက သူတို့ထွက်ပြေးတဲ့ လမ်းကြောင်းတလျှောက်မှာ ဖျက်လိုဖျက်ဆီးတွေ လုပ်ခဲ့နိုင်ကြောင်း သတိပေးထားပါတယ်။
ရုရှားနိုင်ငံပိုင်မီဒီယာနဲ့ ကရင်မလင်စစ်ပွဲကို လိုလားသူတွေကတော့ သူတို့ရဲ့အကျပ်အတည်းကို အသိအမှတ်ပြုပြီး ဒါဟာ ဆုတ်ခွာဖို့ လိုအပ်တဲ့ လှုပ်ရှားမှုအဖြစ် ကာကွယ်ပြောဆိုခဲ့ပါတယ်။