ယူကရိန်းနိုင်ငံပိုင် လက်နက်ခဲယမ်း သိုလှောင်ရုံတွေ အပါအဝင် နေရာအများအပြားက စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ ရုရှားဘက်က ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြောပါတယ်။
ယူကရိန်းဘက်ကလည်း ရုရှားစစ်ဘက်ဆိုင်ရာပစ်မှတ်တွေကို တုံ့ပြန် တိုက်ခိုက်နိုင်ခဲ့တယ်လို့ အခိုင်အမာပြောလာပါတယ်။
ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေက ကူပြန့်ခ်စ်၊ ကရာစနီ၊ လိုင်းမန်းနဲ့ ဒွန်းနက်စ်စတဲ့ မြို့တွေ တလျှောက်မှာရှိတဲ့ ယူကရိန်းလက်နက်ခဲယမ်းဂိုဒေါင်တွေ၊ စစ်ဘက်ဆိုင်ရာ အမှုထမ်းတွေနဲ့ လက်နက်တွေကို ပစ်မှတ်ထားပြီး ဆက်တိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီဂေါ ကိုနာရှန်ကော့ဗ်က စနေနေ့ သတင်းစာရှင်းလင်းပွဲမှာ အတည့်အလင်း ပြောကြားပါတယ်။
ဗော်နိုဗက်ခ်ခါ မြို့ငယ်အနောက်ဘက်ရှိ ဗျူဟာအရအရေးပါတဲ့ အာဂလီဒါမြို့က ယူကရိန်း စစ်တပ် တစ်ခုဖြစ်တဲ့ စက်မှုတပ်မဟာ (၇၂) မှာရှိတဲ့ လက်နက်ခဲယမ်း ဂိုဒေါင်ကို ရုရှားတပ်ဖွဲ့တွေက တိုက်ခိုက်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ရုရှားတပ်ဖွဲ့တွေဟာ ဒုံးကျည်အများအပြားကို ကြားဖြတ်ဟန့်တားခဲ့သလို လူဟန့်စ်ခ်မြို့နဲ့ တခြားဒေသတွေက ဒရုန်းတွေကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ သိရပါတယ်။
ခါခိဗ်ဒေသမှာရှိတဲ့ စစ်အခြေစိုက်စခန်း တစ်ခုကိုပါ ရုရှားတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တယ် လို့လည်း ဆိုပါတယ်။
အဲဒီတစ်ရက်တည်းမှာတင် ယူကရိန်းတပ်ဖွဲ့တွေဘက်ကလည်း ရုရှား စစ်မှုထမ်းတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ စုဆောင်းထားရာ ဧရိယာတွေကို ပစ်မှတ်ထားကာ တိုက်ခိုက်မှု အများ အပြား လုပ်ဆောင်ခဲ့တာပါ။
ရုရှားစစ်တပ်ဟာ ကူပရန့်စ်၊ ဘက်ခ်မတ်နဲ့ အက်ဗ်ဒီကာ မြို့လမ်းကြောင်း တစ်လျှောက်နေရာ တွေမှာ နောက်ထပ်ကျူးကျော်တိုက်ခိုက်ဖို့ အဓိကတပ်ဖွဲ့တွေကို စုစည်းထားတယ်လို့လည်း ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ (AFU)ရဲ့ စစ်ဦးစီးချုပ်ဖြစ်သူက ဖေဖော်ဝါရီ ၁၈ ရက်မှာ မှတ်ချက်ပေးခဲ့ပါတယ်။
ယူကရိန်းနဲ့ ရုရှား ကိုယ်စားလှယ်တွေ တွေ့ဆုံညှိနှိုင်းပြီးနောက် စစ်ပွဲတွင်းပိတ်မိနေတဲ့ အရပ်သားတွေကို ကယ်ထုတ်ရေး အပါအဝင် လူသားချင်းစာနာမှု အကူအညီပေးရေး လမ်းကြောင်းကို ဖွင့်ဖို့ နှစ်ဖက် သဘောတူကြတယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။
ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ်နှစ်ဖွဲ့ဟာ ဘီလာရုစ်နိုင်ငံ ဘရက်စ်ဒေသမှာ ဒုတိယ အကြိမ်ဆွေးနွေးပွဲကို မတ်လ ၃ ရက်က ပြန်စခဲ့ပါတယ်။
အပစ်အခတ် အမြန်ဆုံးရပ်စဲရေးနဲ့ စစ်ဖြစ်ပွားရာဒေသတွေမှာ အရပ်သားတွေ ထွက်ခွာနိုင်ဖို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်း ဖွင့်ထားဖို့ ဆွေးနွေးခဲ့တယ်လို့ ယူကရိန်း သမ္မတရဲ့ အကြံပေးက သတင်းစာရှင်းလင်းပါတယ်။
အရပ်သားတွေကို ကယ်ထုတ်နေတဲ့အချိန်မှာ အကန့်အသတ်နဲ့ အပစ်ရပ်စဲမယ့် သဘောမျိုး ဖြစ်နိုင်တယ်လို့ သတင်းက ဆိုပါတယ်။ ဒီသဘောတူညီချက်ဟာ အရင်တပတ်က ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့အချိန်ကစလို့ ညှိနှိုင်းမှုတွေမှာ ပထမဆုံး တိုးတက်မှု ဖြစ်လာပါတယ်။
ရုရှားဘက်က ညှိနှိုင်းရေးမှူး ဖြစ်တဲ့ ဗလာဒီမာမက်ဒင်စကီးက ရုရှား မီဒီယာတွေကို ပြောတာက နှစ်ဖက် ညှိနှိုင်းမှုတွေဟာ ၂ နာရီကျော် ကြာခဲ့ပြီး လူသားချင်းစာနာမှု လမ်းကြောင်းကို ဖွင့်ပေးဖို့ သဘောတူကြတယ်လို့ပါတယ်။
စီအန်အန် သတင်းမှာတော့ ညှိနှိုင်းမှုတွေဟာ ထင်သလောက် ရလဒ်မထွက်ဘူးလို့ ယူကရိန်းဘက်က ပြောထားပါတယ်။ ဆွေးနွေးတဲ့နေရာမှာ စစ်ရေး၊ နိုင်ငံတကာနဲ့ လူသားချင်း စာနာမှု အကူအညီပေးရေး၊ တတိယကတော့ နောင်မှာ ပဋိပက္ခတွေ ဖြစ်လာရင် နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးနိုင်မယ့် ကိစ္စတို့ ပါဝင်တယ်လို့ ရုရှားဘက်က ညှိနှိုင်းရေး တာဝန်ခံ မက်ဒင်စကီးက ဆိုပါတယ်။
တချို့ ကိစ္စအပေါ် သဘောတူညီမှု ရရှိခဲ့သလို၊ အဓိက သဘောတူညီတဲ့ ကိစ္စကတော့ စစ်မက်ဇုန်တွေကနေ အရပ်သားတွေကို ကယ်ထုတ်ဖို့ ဒီလို ကယ်ထုတ်ဖို့ လိုအပ်တဲ့နေရာတွေမှာ ယာယီအပစ်ရပ်စဲဖို့ သဘောတူတယ်လို့ ဆိုပါတယ်။
ယူကရိန်းဘက်က ညှိနှိုင်းရေးမှူးဖြစ်သလို၊ သမ္မတ ဇီလန်စကီးရဲ့ အကြံပေး တစ်ယောက်ဖြစ်တဲ့ မီခေးလို ပေါ့ဒိုယက်ခ်က ဒုတိယအကျော့ ညှိနှိုင်းမှုတွေ ပြီးဆုံးသွားပြီးလို့ တွစ်တာမှာ ရေးသားထားပြီး၊ ယူကရိန်းဘက်က လိုအပ်ချက်တွေ မရခဲ့ဘူးလို့ ဆိုပါတယ်။
ညှိနှိုင်းနေတဲ့ နေ့မှာပဲ ရုရှားသမ္မတ ဗလာဒီ မာပူတင်က ပြင်သစ်သမ္မတ မာခရွန်းကို နိုင်ငံတကာက ဘယ်လောက်ပဲ ဝေဖန်အပြစ်တင်နေပေမယ့်၊ ယူကရိန်း ကျူးကျော်စစ်ကို ရပ်တန့်ဖို့ တောင်းဆိုနေပေမယ့် ရုရှားဘက်ကတော့ ရပ်တန့်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
အမေရိကန် အောက်လွှတ်တော်က မနေ့ကဆုံးဖြတ်ချက် ထုတ်ပြန်ရာမှာ ယူကရိန်းရဲ့အချုပ်အခြာ အာဏာကို ထောက်ခံတဲ့အကြောင်းနဲ့ ချက်ချင်း အပစ်ရပ်ဖို့၊ ရုရှားတပ်တွေ ပြန်ရုပ်သိမ်းဖို့ တောင်းဆိုထားပါတယ်။