ယူကရိန်းသမ္မတကတော် အိုလီနာဇီလန်စကာဟာ ယူကရိန်းနိုင်ငံအတွက် အကူအညီတွေပိုမိုပေးအပ်ဖို့ ဇူလိုင် ၂၀ ရက်က အမေရိကန်လွှတ်တော်အမတ်တွေကို တောင်းဆိုလိုက်ပြီး သူ့နိုင်ငံဟာ ရုရှားကျူးကျော်မှုကို ၅ လကြာ တွန်းလှန်နေချိန်မှာ လက်နက်တွေက အောင်ပွဲရဖို့ အာမခံချက် ပေးနိုင်ကြောင်းလည်း ပြောကြားလိုက်ပါတယ်။
ယူကရိန်းသမ္မတကတော် ဇီလန်စကာက“ကျမက လက်နက်တွေ တောင်းနေတာက သူများပိုင်မြေကို စစ်ပွဲဆင်နွှဲရာမှာသုံးဖို့ လက်နက်တွေ မဟုတ်ပါဘူး။ ကိုယ့်အိမ် ကိုယ့်မြေကို ကာကွယ်ဖို့နဲ့ အဲဒီအိမ်မှာ အသက်ရှင်လျက် နိုးထခွင့်ရဖို့အတွက် လက်နက်တွေ တောင်းနေတာပါ” လို့ အမေရိကန် အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်က အမတ်တွေကို ဘာသာပြန်ကတဆင့် မိန့်ခွန်း ပြောသွားတာပါ။
ဂျာမနီမှာ ခြေတုလက်တု အသုံးပြုနည်းကို သင်ယူနေရတဲ့ ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် စစ်ပွဲကြောင့် သေဆုံး/ ဒဏ်ရာရခဲ့ရတဲ့ ကလေးငယ်တွေရဲ့ ဗီဒီယိုတွေကိုလည်း ပြသခဲ့ပါတယ်။
“ယူကရိန်းမှာ သူ့လို ကလေးဘယ်နှစ်ယောက် ရှိနေရပြီလဲ။ ဒီလိုမျိုး မိသားစု ဘယ်နှစ်စု စစ်ပွဲကြောင့် ပျက်စီးနေရပါသေးလဲ။ ဒါတွေဟာ ရုရှားရဲ့ Hunger Games တွေပါ”လို့ ယူကရိန်း သမ္မတကတော်က လူတွေအချင်းချင်း အမဲလိုက်ကြတဲ့အကြောင်း သရုပ်ဖော်ထားတဲ့ ကမ္ဘာကျော် ဝတ္ထုနဲ့ ရုပ်ရှင်စီးရီးစ်တွေကို ကိုးကားပြောသွားပါတယ်။
ကွန်ဂရက်လွှတ်တော်အမတ်တွေက နွေးနွေးထွေးထွေးတုံ့ပြန်ခဲ့ပြီး သူတို့ဟာ နောက်ထပ် လုပ်ပိုင်ခွင့်တွေပေးဖို့ အဆင်သင့်ပါပဲ လို့ ပြောကြားခဲ့ကြပါတယ်။
အမေရိကန်ဟာ ပြီးခဲ့တဲ့လက ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ အပါအဝင် စစ်ပွဲ စတင်ကတည်းက ယူကရိန်းကို လုံခြုံရေးအကူအညီ ဒေါ်လာ ၈ ဘီလီယံ ထောက်ပံ့ပေးခဲ့ကြောင်း ဘိုင်ဒင် အစိုးရအဖွဲ့က ပြောကြားခဲ့ပါတယ်။
ယူကရိန်းသမ္မတကတော် အိုလီနာ ဇလန်းစကား ဟာ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမေရိကန်အေဂျင်စီ USAID ရဲ့ အုပ်ချုပ်ရေးမှူး Samantha Power နဲ့ ဇူလိုင်လ ၁၈ ရက်က တွေ့ဆုံခဲ့ပါတယ်။
သမ္မတကတော်နဲ့အတူ အမေရိကန်ပြည်ထောင်စုဆိုင်ရာ ယူကရိန်းသံအမတ်ကြီး အော့က်ဆာနာ မာကရိုဗာလည်း အတူလိုက်ပါသွားခဲ့ပါတယ်။
ရက်သတ္တပတ်နှောင်းပိုင်းမှာ ယူကရိန်းသမ္မတကတော်ဟာ အမေရိကန်လွှတ်တော်မှာ မိန့်ခွန်းပြောမယ်လို့ မျှော်လင့်ရပါတယ်။
အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီရဲ့ ရုံးခန်းမှ ထုတ်ပြန်တဲ့ ကြေညာချက်အရ ဇူလိုင် ၂၀ ရက် မနက် ၁၁ နာရီမှာ ယူကရိန်းသမ္မတကတော်ကို အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေက ကြိုဆို တွေ့ဆုံကြမှာ ဖြစ်ပါတယ်။
ယူကရိန်း သမ္မတကတော်ဟာ ဇူလိုင် ၁၈ ရက်က အမေရိကန် နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန် နဲ့ တွေ့ဆုံခဲ့ပြီး အမေရိကန်သမ္မတကတော်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းသမ္မတကတော်နဲ့ တွေ့ဆုံချိန်မှာ ယူကရိန်းအပေါ် အမေရိကန်ရဲ့ ကတိကဝတ်ကို အာမခံကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နဒ်ပရိုက်စ် က ပြောကြားခဲ့ပါတယ်။
ဘလင်ကန်က စစ်ပွဲကနေ စိတ်ဒဏ်ရာ ရမှုတွေနဲ့ တခြားပျက်စီးမှုတွေကို အရပ်သားတွေနဲ့ လက်တွဲလုပ်ဆောင်ပြီး ကိုင်တွယ်ဖြေရှင်းမှုအတွက် သူ့ကို ချီးကျူးခဲ့ပါတယ်။