close

ယူကရိန်းသမ္မတ

close

May 1, 2023

ရုရှားတပ်ဖွဲ့များကို တန်ပြန်ထိုးစစ်ဆင်မည်ဟု ယူကရိန်းသမ္မတ ကြေညာ

ယူကရိန်းသမ္မတ ဇလန်းကီးက အနောက်နိုင်ငံတွေရဲ့ တိုက်လေယာဉ်အကူအညီကို လက်ခံရရှိခြင်း မရှိသေးပေမဲ့ ရုရှားတပ်ဖွဲ့တွေအပေါ်မှာ ယူကရိန်းအစိုးရအနေနဲ့ တန်ပြန်ထိုးစစ် စတင်တော့ မယ်လို့ ဧပြီ ၃၀ ရက်က ကြေညာပါတယ်။ 

အနောက်နိုင်ငံတွေအနေနဲ့ ယူကရိန်းအတွက် စစ်ရေးအကူအညီပေးရာမှာ နယ်ပယ်ချဲ့ထွင်ကြဖို့ကို ဇလန်းစကီးက အကြိမ်ကြိမ် တောင်းဆိုခဲ့ဖူးပါတယ်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် တိုက်လေယာဉ်တွေက အထောက်အကူ အများကြီးဖြစ်စေနိုင်ပါ တယ်။ ဒါပေမဲ့ အတင်းတောင်းဆိုလို့ မရဘူးဆိုတာကိုလည်း နားလည်ထားပါတယ်။ ဒါကြောင့် F-16 လေယာဉ်တွေ ဒါမှမဟုတ် တခြားလေယာဉ်တွေ ရမလာသေးခင်မှာတင် တန်ပြန်ထိုးစစ်ကို စတင်လုပ်ဆောင် သွားမယ်”လို့ ဇလန်းစကီးက မှတ်ချက်ပေးပါတယ်။ 

ဒါ့အပြင် သူက F-16 လေယာဉ်တွေနဲ့အတူ အနောက်နိုင်ငံထုတ် တခြားလေယာဉ်တွေကိုပါ အကူအညီပေးဖို့ အသင့်ဖြစ်နေတဲ့ နိုင်ငံတွေရှိနေပြီလို့လည်း ကိဗ်မြို့မှာ စကန်ဒင်နေးဗီးယန်း နိုင်ငံတွေရဲ့ သတင်းထောက်တွေကို ဖြေဆိုပါတယ်။ ဒါက ဘယ်နိုင်ငံတွေလဲဆိုတာ ကိုတော့ အသေးစိတ် မပြောပါဘူး။

လက်ရှိအချိန်အထိ ယူကရိန်းစစ်တပ်မှာ ဆိုဗီယက်ခေတ် တိုက်လေယာဉ်တွေကိုသာ ပိုင်ဆိုင်ထားတာပါ။ 

ဒါကြောင့် ယူကရိန်းအနေနဲ့ နိုင်ငံရဲ့ တောင်ဘက်နဲ့ အရှေ့ဘက်တွေမှာ ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို လာမယ့် သီတင်းပတ် ဒါမှဟုတ် လပိုင်းအတွင်းမှာ တန်ပြန်ထိုးစစ်တွေနဲ့အတူ ပြန်လည်သိမ်းယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။ 

6 hours Ago

April 27, 2023

တရုတ်နှင့် ယူကရိန်း သမ္မတ ၂ ဦး ဖုန်းဆက်ဆွေးနွေး

တရုတ်နိုင်ငံဟာ ငြိမ်းချမ်းရေးကို တည်ဆောက်သင့်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို အားဖြည့်ပေးမယ့် အခွင့်အလမ်းကို ကိုယ်စားပြုကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဖုန်းပြောပြီးနောက် ဧပြီ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။

ယူကရိန်းနဲ့ တရုတ်တို့ဟာ ကမ္ဘာ့လူများစုတွေလိုပဲ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးရေးအင်အားကို တန်းတူညီမျှ စိတ်ဝင်စားကြောင်းလည်း ဇလန်းစကီးကသူ့ရဲ့ ညနေခင်း ရုပ်သံမိန့်ခွန်းထဲမှာ ပြောပါတယ်။

ယူကရိန်းနဲ့ တရုတ်ခေါင်းဆောင် ၂ ဦးတို့ဟာ ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဧပြီ ၂၆ ရက်က အချိန်အတော်ကြာ ကျိုးကြောင်းသင့် ပြောဆိုခဲ့တာဖြစ်ပြီး လနဲ့ချီပြီး လူသိရှင်ကြား နည်းလမ်းရှာနေခဲ့တဲ့ ကိယဗ်ရဲ့ ကာလရှည် ရည်မှန်းချက် ပြည့်ဝသွားခဲ့တာပါ။

တရုတ်နိုင်ငံဟာ ယူကရိန်းကို အထူးကိုယ်စားလှယ်တွေ စေလွှတ်ပြီး ငြိမ်းချမ်းရေးကို ရှာဖွေနေတဲ့ အဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း ရှီကဇလန်းစကီးကို ပြောကြားခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

ဇလန်းစကီးကလည်း သူ့ရဲ့ ပင်လယ်နက်ဆိပ်ကမ်းတွေကနေ ယူကရိန်းစပါးတင်ပို့မှု သဘောတူညီချက်ကို သက်တမ်းတိုးခြင်းအတွက် ရှီက အားပေးစကားတွေ ပြောကြားခဲ့ကြောင်း ပြောဆိုပါတယ်။

မော်စကိုကတော့ ရုရှားစပါးနဲ့ ဓာတ်မြေသြဇာ တင်ပို့မှုမှာ အနောက်နိုင်ငံတွေက အတားအဆီးတွေကို ဖယ်ရှားမပေးရင် အဲဒီစာချုပ်ကို မေလ ၁၈ ရက်ထက် ကျော်လွန်သက်တမ်းတိုးမှာ မဟုတ်ကြောင်း ပြောထားပါတယ်။

ရုရှားရဲ့ကျူးကျော်မှုကို မရှုတ်ချဘဲ ရှောင်လွှဲနေတဲ့ သြဇာအရှိဆုံး ခေါင်းဆောင် ရှီဟာ ပြီးခဲ့တဲ့လက မော်စကို ကို သွားရောက်ခဲ့ပါတယ်။ ဖေဖော်ဝါရီလကတည်းက တရုတ်သမ္မတရှီဟာ အချက် ၁၂ ချက်ပါ ငြိမ်းချမ်းရေး အစီအစဉ်ကို မြှင့်တင်ခဲ့ပါတယ်။ သူ့ရဲ့အစီအစဉ်ကို အနောက်နိုင်ငံတွေက သံသယနဲ့ နှုတ်ဆက်ခဲ့ပေမဲ့ ကိယဗ်ကတော့ စစ်ပွဲကို အဆုံးသတ်ဖို့ တရုတ်ရဲ့စိတ်ဝင်စားမှု လက္ခဏာတရပ်အဖြစ် သတိကြီးကြီးနဲ့ ကြိုဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို မြှင့်တင်ဖို့ အာရုံစိုက်သွားမှာဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးကိုလည်း တတ်နိုင်သမျှ အမြန်ဆုံး ကြိုးပမ်းသွားမှာဖြစ်ကြောင်း ရှီက ဇလန်းစကီးကို ပြောကြားခဲ့တယ်လို့ တရုတ်အစိုးရ မီဒီယာက ဖော်ပြပါတယ်။

4 days Ago
Up