၂၀၂၄ ခုနှစ်၊ပါရီအိုလံပစ်ပြိုင်ပွဲမှာ ရုရှားကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် တားမြစ်ပိတ်ပင်ဖို့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ပြုလုပ်ခဲ့တဲ့ အွန်လိုင်း အစည်းအဝေးတခုမှာ ယူကရိန်းသမ္မတ ဇလန်းစကီးက တောင်းဆိုခဲ့ပါတယ်။
ဒီအားကစားပြိုင်ပွဲအတွင်း ရုရှားပါဝင်မှုဟာ "အကြမ်းဖက်မှုနဲ့ တရားဥပဒေမဲ့မှု" ကို ကိုယ်စားပြု နေတာလို့ ယူကရိန်းခေါင်းဆောင်က ကိဗ်မြို့ကနေ မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။
အမေရိကန်၊ ဂျာမနီနဲ့ သြစတြေးလျနိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၃၅ နိုင်ငံ ပါဝင်တက်ရောက်ခဲ့တဲ့ ဒီအွန်လိုင်းအစည်းအဝေးမှာ ရုရှားနဲ့ဘီလာရုစ်နိုင်ငံက အားကစားသမားတွေကို ၂၀၂၄ အိုလံပစ် ပြိုင်ပွဲကနေ ပိတ်ပင်ဖို့ တောင်းဆိုသွားကြမှာဖြစ်ကြောင်း လစ်သူယေးနီးယား အားကစားဝန်ကြီးက ပြောဆိုထားပါတယ်။
ဒီတောင်းဆိုမှုတွေကြောင့် နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC)အပေါ် ဖိအားများပြားလာခဲ့သလို ယူကရိန်းနိုင်ငံအတွင်း သွေးထွက်သံယို ပဋိပက္ခဖြစ်ရပ်တွေကြောင့် ကမ္ဘာ့အကြီးမားဆုံး အားကစား ပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ လာမယ့်အိုလံပစ်ပြိုင်ပွဲမှာ အကြီးအကျယ် သဘောထား ကွဲလွဲနေတာကို IOC က ရှောင်ရှားလိုတာပါ။
ရုရှားနဲ့ဘီလာရုစ် အားကစားသမားတွေသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့မယ်ဆိုရင် ယူကရိန်းနိုင်ငံ က ဒီအိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
ပိုလန်အားကစားရေးရာဝန်ကြီး ကာမီးလ် ဘော်နစ်ချက်ခ်ကတော့ လက်ရှိအချိန်မှာ သပိတ်မှောက်ဖို့ ကိစ္စကို ပြောဖို့မလိုသေးဘူးလို့ သတင်းစာရှင်းလင်းပွဲတခုမှာ ဖြေဆိုပါတယ်။
နိုင်ငံတကာအိုလံပစ် ကော်မတီအပေါ်မှာ ဖိအားပေးနိုင်ဖို့အတွက် အခြား နည်းလမ်းတွေကိုသာ အရင်ရှာဖွေဖို့ လိုအပ်တယ်ဆိုပြီး သူကပြောခဲ့တာပါ။ ဒီပြိုင်ပွဲကို ဝင်မယ့် နိုင်ငံအများစုကတော့ ရုရှားနဲ့ဘီလာရုစ် အားကစားသမားတွေကို လုံးဝချန်လှပ်ထားဖို့ကို လိုလားထောက်ခံကြတယ်လို့ လည်း ပိုလန်အားကစားဝန်ကြီးက ဖြည့်စွက်ပြောပါတယ်။