မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄ ဦးကို စစ်အာဏာရှင်အဖွဲ့အစည်းက ယုတ်မာရိုင်းစိုင်း၊ ရက်စက်စွာ ကွပ်မျက်လိုက်တဲ့ သတင်းကြောင့် ထိတ်လန့်၊ စက်ဆုပ်ရွံ့ရှာမိကြောင်းနဲ့ အဆိုပါကွပ်မျက်မှုဟာ ရှက်ဖွယ်ကောင်းပြီး သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အာရှဒေသဆိုင်ရာ ယူကေနိုင်ငံဝန်ကြီး အမန်ဒါမေးလ်လင်း က ပြောပါတယ်။
ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ အန်အယ်လ်ဒီလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေအတိုင်း ပြစ်ဒဏ်စီရင်ခဲ့ပြီး ဖြစ်တယ်လို့ ဇူလိုင် ၂၅ ရက်ထုတ် သတင်းစာတွေမှာ စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်ပြီးနောက် ယူကေအစိုးရက ခုလိုတုံ့ပြန်လိုက်တာပါ။
“လွတ်လပ်မှုတွေ၊ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေကို ရရှိဖို့ မြန်မာပြည်သူလူထုဟာ ရဲစွမ်းသတ္တိရှိရှိနဲ့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချမှတ်ပြီး ကြိုးစားတွန်းလှန်နေမှုတွေကို ရင်ဆိုင်နေရချိန်မှာ အဆိုပါလုပ်ရပ်က စစ်အာဏာရှင်ရဲ့ သွေးပျက်နေမှုအခြေအနေကို မီးမောင်းထိုးပြလိုက်တာပဲ” လို့ အမန်ဒါမေးလ်လင်းကပြောပါတယ်။
ဦးဂျင်မီကို စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၂၃ ရက်က ဒဂုံမြို့သစ်(မြောက်ပိုင်း)မှာ အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးသွားတာဖြစ်ပြီး ဦးဖြိုးဇေယျာသော်ကိုတော့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၆၁)ရပ်ကွက်၊ ရတနာလမ်း၊ ရတနာနှင်းဆီအိမ်ရာမှာ နိုဝင်ဘာလ ၂၀ ရက်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
သူတို့ နှစ်ဦးကို စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့ စစ်ဆေးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နဲ့ ၅၀(ည) တို့အရ ဇန်နဝါရီ ၂၁ ရက်မှာ သေဒဏ် အမိန့်ချမှတ်လိုက်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။
ဦးဖြိုးဇေယျာသော်ဟာ အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့ဖို့ နေအိမ်မှာ လက်နက်မျိုးစုံ သိမ်းဆည်းထားတာ၊ CRPH၊ NUG၊ PDF၊ Moon Light Operation အဖွဲ့တွေနဲ့ Zoom Meeting ပြုလုပ်ခဲ့တာ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေကို ပစ်ခတ်သတ်ဖြတ်ဖို့ လက်နက်ငှားရမ်းထောက်ပံ့ပေးမှုတာနဲ့ လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ညွှန်ကြားတာတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။
အလားတူ ဦးဂျင်မီဟာလည်း CRPH၊ NUG နဲ့ PDF တွေကို လက်နက်ခဲယမ်းထောက်ပံ့ဖို့ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၇)ရပ်ကွက်၊ ပင်လုံအိမ်ရာ၊ မြနှင်းဆီလမ်းရှိ နေအိမ်မှာ လက်နက်တွေ သိုဝှက်သိမ်းဆည်းထားတယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံရတာဖြစ်ပါတယ်။
အကြမ်းဖက် ဖမ်းဆီးသွားစဉ်မှာ ဦးဂျင်မီဟာ ဦးခေါင်းကို ရိုက်နှက်ခံရတဲ့ဒဏ်ရာနဲ့ စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရပြီးနောက် စစ်ကြောရေးသို့ ပို့ဆောင်ကာ စစ်ခုံရုံးကနေ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁ နှစ်ခွဲအကြာ အကြမ်းဖက်စစ်ကောင်စီက သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၇ ယောက်ထိ ရှိနေတယ်လို့ ဆိုပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ဒီမိုကရေစီ ပြန်လည်အသက်ဝင်ရေးတောင်းဆိုနေသူအားလုံးကို ယူကေအစိုးရက ထောက်ခံတဲ့အကြောင်း ယူကေနိုင်ငံ အစိုးရအဖွဲ့ဝင် ဝန်ကြီး အမန်ဒါမေးလ်လင်းက ပြောကြားလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ ယူကေနိုင်ငံရဲ့ အာရှနှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီး ပါလီမန်အမတ် အမန်ဒါမေးလ်လင်းတို့ မေ ၂၅ ရက်က လန်ဒန်မြို့ရှိ နိုင်ငံခြားရေးရုံးအဆောက်အအုံမှာ တွေ့ဆုံခဲ့ကြတာပါ။
ဒေါက်တာဇော်ဝေစိုးနဲ့ ပထမဆုံးအကြိမ် တွေ့ရတာ ဝမ်းသာတဲ့အကြောင်းနဲ့ မြန်မာပြည်သူတွေနဲ့ အတူရပ်တည်နေကြောင်းလည်း ယူကေဝန်ကြီးက ပြောပါတယ်။
ဒီတွေ့ဆုံပွဲမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးကိစ္စရပ်တွေ၊ မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်၊ ငြိမ်းချမ်းမှုနဲံ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိရေးအတွက် နှစ်နိုင်ငံ အတူတကွ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်တွေဆွေးနွေးခဲ့တယ်လို့ NUG ကလည်း သတင်းထုတ်ပါတယ်။
မြန်မာနိုင်ငံအပေါ် UK နိုင်ငံရဲ့ အကူအညီပေးမှုတွေကို အထူးကျေးဇူးတင်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားခဲ့တယ်လို့လည်းဆိုပါတယ်။
မြန်မာအာဏာသိမ်း စစ်ကောင်စီကို ယူက အပါအဝင် အနောက်နိုင်ငံတွေက သံတမန်ဆက်ဆံ ရေးအဆင့် လျှော့ချထားချိန်မှာ အခုလို NUG အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ဆံဆက်ရေး တိုးမြှင့် ဆောင်ရွက်လာနေတာဖြစ်ပါတယ်။
Photo NUG