close

ယူနိုင်း-မြန်မာစက်ရုံမန်နေဂျာ

close

November 10, 2021

လှိုင်သာယာ ယူနိုင်း-မြန်မာစက်ရုံက မန်နေဂျာတစ်ဦး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ နိုဝင်ဘာ ၉ ရက် ညနေပိုင်းက  ငွေပင်လယ်စက်မှုဇုန်ရှိ ယူနိုင်း-မြန်မာအထည်ချုပ်စက်ရုံ HR မန်နေဂျာ တစ်ဦး ခေါင်းကိုသေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။

ယူနိုင်း-မြန်မာ စက်ရုံက HR မန်နေဂျာကျော်ကြီး (ခ) ကျော်ကျော်ဟာ ဆန္ဒပြအလုပ်သမား သမဂ္ဂဝင်တွေကို ဖမ်းဆီးခိုင်းသူ ဒလန်သတင်းပေး နာမည်ထွက်နေသူတစ်ဦးဖြစ်ပြီး  လှိုင်သာယာ အလယ်ရွာအဝင် မီးပွိုင့်အနီးမှာ သေနတ်နဲ့ အပစ်ခံခဲ့ရလို့တာလို့ ယူနိုင်းစက်ရုံ ဝန်ထမ်းဟောင်းတစ်ဦးဆီက သိရပါတယ်။

"ကျော်ကြီးက စက်ရုံ အလုပ်သမားတွေထဲက ဆန္ဒပြသူတွေ အလုပ်သမားသမဂ္ဂထဲကသူတွေကို  စစ်တပ်ခေါ်ပြီး ဖမ်းခိုင်းတာတွေ လုပ်တယ်။ အရင်က စက်ရုံမှာ မီးပူထိုးခေါင်းဆောင်၊ အာဏာသိမ်းပြီးနောက်ပိုင်းမှ ရာထူးတိုးပြီး စက်ရုံမန်နေဂျာဖြစ်လာတာ။ မီးပွိုင့်မှာ ကားရပ်ထားတုန်း ခေါင်းကိုသေနတ်နဲ့ပစ်သွားတယ်၊ ဘယ်သူပစ်လဲတော့မသိရဘူး” လို့ စက်ရုံဝန်ထမ်းဟောင်းတစ်ဦးဆီက သိရပါတယ်။

ကျော်ကြီး (ခ) ကျော်ကျော်ဟာ အလုပ်သမားများအပေါ် စကစ နဲ့ ပေါင်းပြီး ဒလန် လုပ်နေတဲ့အတွက် သတ်လိုက်တာဖြစ်ကြောင်း Yangon Eagle အဖွဲ့က လူမှုကွန်ရက် စာမျက်နှာကတဆင့် ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံသားပိုင်  Rui Ning Myanmar Garment စက်ရုံမှာ အလုပ်သမား ၇၀၀ ကျော်ရှိပြီး  အနွေးထည်တွေ၊ အမျိုးသမီးအထည်တွေ ချုပ်လုပ်နေတဲ့ စက်ရုံဖြစ်ပါတယ်။

1 min Ago
Up