close

ယူဗာလ်ဒီရဲတပ်ဖွဲ့ဝင်

close

October 8, 2022

လူ ၂၁ ဦးသေဆုံးခဲ့မှု ယူဗာလ်ဒီရဲတပ်ဖွဲ့ဝင်များကို တာဝန်ဆိုင်းငံ့

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ယူဗာလ်ဒီရှိ ကျောင်းခရိုင်မှာ ရဲတပ်ဖွဲ့ဝင်တွေ အားလုံးကို အောက်တိုဘာ ၇ ရက်မှာ တာဝန်ဆိုင်းငံ့ထားကြောင်း ခရိုင်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

မေလက ကျောင်းသား ၁၉ ဦးနဲ့ ဆရာ ၂ ဦးတို့ သေဆုံးခဲ့တဲ့ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုအပြီး စုံစမ်းစစ်ဆေးမှုရလဒ်ကိုလည်း ဆိုင်းငံ့ထားပါတယ်။ 

ယူဗာလ်ဒီ စုပေါင်း-လွတ်လပ်တဲ့ ကျောင်းနယ်မြေ ခရိုင်ရဲဌာနရဲ့ လှုပ်ရှားမှုအားလုံးကို "အချိန်အတိုင်းအတာတခုအထိ” ရပ်ဆိုင်းထားတယ်လို့ ခရိုင်က ပြောပါတယ်။ 

ရဲတပ်ဖွဲ့မှာ အရာရှိ ၅ ဦးနဲ့ လုံခြုံရေးအစောင့်တဦးတို့ ပါ၀င်ကြောင်း သူ့ရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

တက္ကဆက်ရဲချုပ်များအသင်းနဲ့ ရော့ဘ် မူလတန်းကျောင်းမှာ ပစ်ခတ်မှုကို စုံစမ်းနေတဲ့ ပြင်ပ ကုမ္ပဏီတို့ ဦးဆောင်ပြုလုပ်ထားတဲ့ စုံစမ်းစစ်ဆေးမှုရလဒ်ကို ခရိုင်က စောင့်ဆိုင်းနေပြီး ဒီလနှောင်းပိုင်းမှာ ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ 

စီစီတီဗီ နဲ့ ရဲတပ်ဖွဲ့သုံး ခန္ဓာကိုယ်မှာ တပ်ဆင်တဲ့ ကင်မရာတို့က ရရှိတဲ့ ပစ်ခတ်မှုဖြစ်ပွားချိန်က ဗွီဒီယိုဖိုင်ကို ဇူလိုင်လက ထုတ်ပြန်ခဲ့ပါတယ်။ 

လတ်တလော စုံစမ်းစစ်ဆေးရေးဆိုင်ရာ တိုးတက်မှုတွေဟာ ဌာနဆိုင်ရာ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး နောက်ထပ်စိုးရိမ်ပူပန်မှုတွေကို ဖော်ထုတ်နိုင်တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေကို တာဝန်ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ခရိုင်ရဲတပ်ဖွဲ့က အောက်တိုဘာ ၇ ရက်မှာ ပြောပါတယ်။

ကျောင်းခရိုင်ကတော့ ရဲတွေ တာဝန်ဆိုင်းငံ့ထားမှုနဲ့ ဌာနဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေအကြောင်း နောက်ထပ်အချက်အလက်တွေကို ပေးဖို့ ငြင်းဆိုထားပါတယ်။ ရဲဌာနက မှတ်ချက်ကိုလည်း ချက်ချင်း မရရှိနိုင်သေးပါဘူး။ 

မေလအတွင်းက သေနတ်သမားဟာ စာသင်ခန်းကို ထိန်းချုပ်ထားချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေ သေနတ်သမားဆီကို အရောက်နှေးမှု အပါအဝင် ပစ်ခတ်မှုအပေါ် တုံ့ပြန်ဖို့ နှောင့်နှေးမှုအတွက် ရဲဌာနဟာ စုံစမ်းစစ်ဆေးခံနေရဆဲဖြစ်ပါတယ်။ 

ကျောင်းခရိုင်ကတော့ တက္ကဆက်ပြည်နယ် ပြည်သူ့ဘေးကင်းရေးဌာနမှ နောက်ထပ် အရာရှိတွေကို ကျောင်းဝင်းလုံခြုံရေး စီစဉ်ပေးဖို့ တောင်းဆိုထားပါတယ်။ 

13 hours Ago
Up