ဒီကနေ့မနက်အစောပိုင်း ယှဉ်ပြိုင်သွားတဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာ မန်ယူအသင်းက ဆီဗီလာကို အဝေးကွင်းမှာ သုံးဂိုးဂိုးမရှိနဲ့ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေထွက်ခဲ့ရပါတယ်။
ပထမအကျော့တုန်းက နှစ်ဂိုးစီသရေကျခဲ့တာဖြစ်ပြီး ဆီဗီလာအိမ်ကွင်းမှာ မန်ယူခံစစ်မှူး မက်ဂွဲယားနဲ့ ဂိုးသမားဒီဂီယာတို့ရဲ့ အမှားတချို့ကြောင့် သုံးဂိုးအထိပေးခဲ့ရတာပါ။
မန်ယူခံစစ်မှာ အမာခံဗဟိုနောက်ခံလူတွေဖြစ်တဲ့ ဗာရန်းနဲ့ မာတီနက်ဇ်တို့ မပါဝင်နိုင်ခဲ့တာက အားနည်းချက်ဖြစ်စေခဲ့ပြီး ဒဏ်ရာရနေတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာလည်း ဒုတိယပိုင်းရောက်မှ လူစားဝင်ကစားခဲ့ရတာပါ။
ယူရိုပါလိဂ်ကနေထွက်ခဲ့ရတဲ့ မန်ယူအသင်းအတွက် အက်ဖ်အေဖလား ချန်ပီယံမျှော်လင့်ခွင့် ဆက်ရှိမှာဖြစ်ပြီး လာမယ့် ဧပြီ ၂၃ ရက်မှာ ဘရိုက်တန်အသင်းနဲ့ ဆီမီးဖိုင်နယ် ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။