ယီမင်နိုင်ငံထဲက အီရန်နဲ့ မဟာမိတ် ဟူသီလှုပ်ရှားမှုအုပ်စုကပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည် တစင်းကို ဇန်နဝါရီ ၃၁ ရက်မှာ ကြားဖြတ် ပစ်ချလိုက်တယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) အစိုးရက ပြောပါတယ်။
ယူအေအီးနိုင်ငံဟာ အစ္စရေးသမ္မတ အိုင်းဇက်ဟာဇော့ရဲ့ ပထမဆုံး တရားဝင် အလည်အပတ် ခရီးစဉ်ကို လက်ခံထားချိန်မှာ ခုလို ပစ်ခတ် ခံရတာပါ။
ယူအေအီးဟာ ပင်လယ်ကွေ့ဒေသရဲ့ စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်း အချက်အချာနိုင်ငံလည်း ဖြစ်ပါတယ်။ ပစ်ချခံ ပဲ့ထိန်းဒုံးကျည်ရဲ့ အပိုင်းအစတွေက လူမနေတဲ့ နေရာကို ကျခဲ့လို့ အဆုံးရှုံး မရှိဘူးလို့ ယူအေအီး ကာကွယ်ရေးဝန်ကြီးဌာနက တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။
ဒီဒုံးကျည်ဟာ အဘူဒါဘီမြို့ ဒါမှမဟုတ် ကမ္ဘာ့ကုန်စည်ပြပွဲ ကျင်းပနေရာ ဒူဘိုင်းမြို့ကို ပစ်မှတ်ထားတာလား ဆိုတာကိုတော့ သူက မပြောပါဘူး။ ဒီတိုက်ခိုက်မှုဟာ ကျန်ခဲ့တဲ့ သီတင်းပတ် ၂ ပတ်အတွင်း ယူအေအီးကို တိုက်ခိုက်တဲ့ တတိယမြောက်ပါ။
အမေရိကန်က ဒီတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ဇန်နဝါရီ ၁၇ ရက်က မြို့တော် အဘူဒါဘီကို ဒုံးကျည်နဲ့ တိုက်ခိုက်လို့ လူ သေဆုံးခဲ့ပါသေးတယ်။ ဒါဟာ ယီမင်နိုင်ငံထဲက ဟူသီတွေနဲ့ ဆော်ဒီဦးဆောင်တဲ့ အာရပ်ညွန့်ပေါင်းတပ်ကြား စစ်ပွဲအရှိန်မြင့်လာတဲ့ အထိမ်းအမှတ်ပဲလို့ ရိုက်တာ သတင်းဌာနကရေးပါတယ်။