close

ရက္ခိုင့်တပ်တော် (အေအေ)

close

May 12, 2023

မုန်တိုင်းဘေးမှလွတ်ရန် ရခိုင်ပြည်သူ ၁၁,၀၀၀ ကျော်ကို ကယ်ဆယ်ထားဟု အေအေ‌ပြော

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အင်အားကြီး မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်က လူဦးရေ ၁၁,၀၀၀ ကျော်ကို အရေးပေါ် ကယ်ဆယ်ရေးတွေ ပြုလုပ်ထားတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

မေလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ရခိုင်ပြည်နယ် မြေပုံ၊ ပေါက်တောမြို့နယ်တို့ အပါအဝင် ကျေးရွာပေါင်း ၂၁ ရွာက ဒေသခံ ၁၁,၈၇၆ ဦးကို မုန်တိုင်းဘေးလွတ်ရာတွေကို ရွှေ့ပြောင်းပေးထားပြီး မပြောင်းရွှေ့လိုတဲ့ ဒေသခံတွေကိုလည်း မုန်တိုင်းနဲ့ပတ်သက်ပြီး အသိပညာပေးတာတွေ၊ ဆေးဝါးနဲ့ အသက်ကယ်အင်္ကျီတွေ ပေးခဲ့တာတွေရှိတယ်လို့ ခိုင်သုခက ပြောပါတယ်။

မုန်တိုင်းတိုက်ခတ်ချိန်မှာလည်း ပြည်သူတွေ ဘေးကင်းလုံခြုံဖို့နဲ့ အသက်အိုးအိမ်တွေ ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် အာရက္ခပြည်သူ့အစိုးရအနေနဲ့ သူတို့မှာရှိတဲ့ အရင်းအမြစ်တွေနဲ့ အားစိုက်ပြီး လုပ်ကိုင်နေတာတွေ ရှိတယ်လို့လည်း ဆက်ပြောခဲ့ပါတယ်။

ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ လူမှုကယ်ဆယ်ရေး အစီအစဉ်တွေနဲ့ မြေပုံမြို့နယ် ငမန်းရဲကျွန်းက ဒေသခံ ထောင်ချီဟာ မင်းပြားမြို့နယ်နဲ့ နီးစပ်ရာကျေးရွာတွေကို တိမ်းရှောင်သွားကြပြီလို့ မြေပုံဒေသခံတဦးက ပြောပါတယ်။

အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အသိပေးဆောင်ချက်တွေကို ရက္ခိုင့်တပ်တော်ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ရဲ့ တယ်လီဂရန်ချန်နယ်က အချိန်နဲ့တပြေးညီ အသိပေး နှိုးဆော်နေပါတယ်။

ရက္ခိုင့်တပ်တော် (အေအေ) က မုန်တိုင်းဒဏ် အမြဲခံနေရတဲ့ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ငမန်းရဲကျွန်းပေါ်က ကျေးရွာ ၁၃ ရွာက လူဦးရေ ၅,၀၀၀ ခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ကြပါတယ်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဦးတည်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ ကယ်ဆယ်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးအလုပ်တွေကို အပြိုင်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ စစ်တွေမြို့အနီးကနေ ဖြတ်ကျော် ဝင်ရောက်နိုင်တဲ့အတွက် စစ်ကောင်စီခန့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဦးဆောင်ပြီး ဆရာတော် သံဃာတော်တွေ ပင့်ဖိတ်ကာ မေ ၁၂ ရက် ဒီနေ့ မနက်က ရှင်ဥပဂုတ္တဖောင်တော်ကို စစ်တွေပင်လယ်ပြင်မှာ ရေမျှောပူဇော်ခဲ့ကြ​ပါတယ်။

ရခိုင်အရေးလေ့လာသူတဦးက “အခု မုန်တိုင်းမှာ စစ်ကောင်စီက ပြည်သူတွေကို မုန်တိုင်းအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်နိုင်ရေး သတိပေးနှိုးဆော်တာတို့၊ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်တာတို့၊ အသိပေးနှိုးဆော်ခြင်းနဲ့ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေ လုပ်တယ်။ လက်တွေ့ကျကျ ရက္ခိုင့်တပ်တော်က လုပ်ဆောင်နေတာကို ပြည်သူတွေ မြင်သွားကြပါပြီ” လို့ ပြောပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဟာ မေလ ၁၄ ရက်နေ့မှာ ဘင်္ဂလားဒေ့နိုင်ငံ ကော့စ်ဘဇားမြို့နဲ့ မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့အကြား စစ်တွေမြို့အနီးက ဖြတ်ဝင်နိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

မုန်တိုင်း မိုခါဟာ မေ ၁၂ ရက်မှာ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိပြီး မေ ၁၄ ရက်မှာတော့ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားမြို့နဲ့ ကျောက်ဖြူအကြား စစ်တွေမြို့နားက ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အဲ့ဒီ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာ ကမ်းရိုးတန်းကို ဦးတည်ရွေ့လျားနိုင်တဲ့ အခြေအနေရှိနေလို့ လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပြီး စစ်တွေမြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးဇလဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်မှာ ၁၉၆၈ ခုနှစ် မေလ ၁၀ ရက်က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် စစ်တွေ၊ ပေါက်တော၊ မြေပုံနဲ့ မင်းပြားမြို့နယ်တွေမှာ လူဦးရေထောင်ချီ သေဆုံးခဲ့ပြီး အိမ်ခြေ ၆,၀၀၀ ကျော်လောက် ပျက်စီးခဲ့ပါတယ်။

3 hours Ago

April 10, 2023

ဘုံရန်သူစစ်ကောင်စီကိုအပြီးသတ်ချေမှုန်းရန်နှင့် ရခိုင်လူထုမျှော်မှန်းချက်ကိုအကောင်အထည်ဖော်ရန် အေအေကို NUG သဝဏ်လွှာပို့

ဘုံရန်သူစစ်ကောင်စီကို အပြီးသတ်ချေမှုန်းနိုင်ဖို့နဲ့  ရက္ခိုင့်တပ်တော် (အေအေ) အနေနဲ့  ရက္ခိုင်လူထုရဲ့ မျှော်မှန်းချက်တွေကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သဝဏ်လွှာပါးလိုက်ပါတယ်။ 

ဧပြီ ၁၀ ရက် ဒီကနေ့ ကျရောက်တဲ့ (၁၄) နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ အထိမ်းအမှတ်  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာက  ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့လိုက်တာ ဖြစ်ပါတယ်။

အခုအချိန်အခါမှာ ဘုံရန်သူစစ်ကောင်စီကို  အပြီးသတ်ချေမှုန်းနိုင်ဖို့ မိမိတို့အားလုံးအတူတကွ စုစည်းညီညွတ်စွာနဲ့ ရုန်းကန်ဖောက်ထွက်ကြိုးစားကြရမှာဖြစ်ပြီး  ရက္ခိုင့်တပ်တော်အနေနဲ့ ရက္ခိုင် ပြည်သူလူထုရဲ့ နိုင်ငံရေး၊ အမျိုးသားရေး မျှော်မှန်းချက်တွေကိုလည်း တပါတည်း အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း NUG က ဆုတောင်းပေးထားပါတယ်။

“ရက္ခိုင်ပြည်သူထူထု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် အပြည့်အဝရရှိရေးအတွက် ရက္ခိုင့်တပ်တော်ကို ဖွဲ့စည်းတည်ထောင်ပြီး တော်လှန်တိုက်ပွဲဝင်လာခဲ့သည်မှာ ယနေ့တွင် (၁၄) နှစ် တိုင်တိုင် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ရက္ခိုင်ပြည်သူလူထုနှင့် ထပ်တူထပ်မျှ ဝမ်းမြောက် ဂုဏ်ယူပါသည်။ (၁၄) နှစ်တာ တော်လှန်ရေး ခရီးကြမ်းအတွင်း အသက်၊ အိုးအိမ်၊ စည်းစိမ်၊ ကိုယ်လက်အင်္ဂါများ စွန့်လွှတ်ပေးလှူခဲ့ကြသော ရက္ခိုင့်အာဇာနည်သူရဲကောင်းများနှင့် ရက္ခိုင်ပြည်သူလူထုတရပ်လုံး ကိုလည်း လေးနက်စွာ အောက်မေ့ဦးညွှတ်အပ်ပါသည်။”လို့ NUG ရဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ရက္ခိုင့်တပ်တော်ကို ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်က ကချင်ပြည်နယ်  ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ စတင်တည်ထောင်ခဲ့ပြီး လက်ရှိမှာ အင်တားတောင့်တင်းခိုင်မာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့တဖွဲ့အဖြစ် ဖြစ်ရပ်တည်နိုင်ပြီဖြစ်ကာ  မြောက်ပိုင်း မဟာမိတ်တပ်တွေနဲ့ လက်တွဲလို့ စစ်အာဏာရှင်ပြုတ်ကျရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။

လက်ရှိ တိုင်းပြည်တဝန်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆင်နွှဲနေကြတဲ့ နွေဦး တော်လှန်ရေး ပြည်သူ့ခုခံတွန်းလှန်စစ်ဆင်ရာမှာ   ရက္ခိုင့်တပ်တော်ဟာ အဖိနှိပ်ခံ ပြည်သူလူထုနဲ့ တကွ အတူရပ်တည်ပြီး ဘုံရန်သူကို ပြင်းပြင်းထန်ထန် ခုခံတွန်းလှန်နေတဲ့ အပြင် တော်လှန်ရေးအင်အားစုတွေကို  လက်တွဲကူညီ ပံ့ပိုးပေးနေတယ်လို့ NUG က ပြောပါတယ်။

ရက္ခိုင့်တပ်တော်ရဲ့ ၁၄ နှစ် မြောက်အခမ်းအနားတွေကို မြန်မာပြည်တွင်း ရက္ခိုင့်တပ်တော် စစ်ဒေသအသီးသီးမှာလည်း ကျင်းပသလို  ထိုင်း၊ မလေးရှား၊ ဂျပန်စတဲ့ ပြည်ပနိုင်ငံတွေမှာလည်း ကျင်းပပါတယ်။

1 month Ago
Up