ထင်ရှားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ယောက်ကို အကြမ်းဖက်စစ်ကောင်စီက သေဒဏ်စီရင်လိုက်တာဟာ ပြည်သူတရပ်လုံးကို စိန်ခေါ်လိုက်တာ ဖြစ်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (အေအေ)က ထုတ်ပြန်ပါတယ်။
သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၄ ယောက်ကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေအတိုင်း ပြစ်ဒဏ်စီရင်ခဲ့ပြီးဖြစ်တယ်ဆိုတဲ့ဆိုတဲ့သတင်း မမျှော်လင့်ဘဲ ကြားသိလိုက်ရတာဟာ အေအေအဖွဲ့အစည်းသာမကပဲ မြန်မာပြည်သူတရပ်လုံးကိုလည်း များစွာထိတ်လန့်တုန်လှုပ်စေကြောင်းနဲ့ သေဒဏ်ကျခံရသူတွေရဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးတွေ၊ မြန်မာပြည်သူလူထုတရပ်လုံးနဲ့ထပ်တူ ဝမ်းနည်းခံပြင်းမိပြီး မြန်မာ့ငြိမ်းချမ်းရေးအတွက် ရင်လေးမိကြောင်းလည်း ဖော်ပြလိုက်တာပါ။
ဒီလုပ်ရပ်သာ အမှန်တကယ် ဖြစ်ခဲ့ရင်တော့ အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတကာ အိမ်နီးချင်းနိုင်ငံကြီးတွေနဲ့ အာဆီယံအသိုင်းအဝိုင်းကနေ ကမကထပြု တိုက်တွန်းကူညီလုပ်ဆောင်ပေးနေတဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်မယ့် နိုင်ငံရေး အလားအလာ လမ်းစကောင်းတွေကို ရင့်သီးစွာ ခြေနဲ့ နင်းခြေဖျက်ဆီးပြလိုက်တာ ဖြစ်တယ်လို့လည်း အေအေထုတ်ပြန်ချက်ထဲမှာ သုံးသပ်ထားပါတယ်။
ဒါ့အပြင် ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ကို အကြမ်းဖက်စစ်ကောင်စီက ရက်စက်စွာ သေဒဏ်ပေးလိုက်ပေမယ့် သူတို့ ၄ ယောက်ထက် ပိုရဲရင့်ပြီး မြန်မာနိုင်ငံအပြောင်းအလဲအတွက် စွန့်လွှတ်စွန့်စားစိတ်တွေနဲ့အတူ နွေဦးတော်လှန်ရေးအတွက် ပိုပြီး အကျိုးပြုနိုင်မယ့် အနာဂတ်သူရဲကောင်းတွေ ထပ်မံပြီးတော့ မွေးဖွားလာဦးမယ်လို့ အေအေက အပြည့်အ၀ ယုံကြည်ကြောင်းလည်း ဖော် ပြလိုက်ပါတယ်။
ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီဘက်က အကြမ်းဖက်ပုဒ်မတွေနဲ့စွပ်စွဲပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက စစ်ကောင်စီခုံရုံးတွေကနေ သေဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး အဲဒီသေဒဏ်ကို ပြီးခဲ့တဲ့ ဇွန်လမှာ စစ်ကောင်စီဘက်က အတည်ပြုခဲ့သလို အမှန်တကယ်သေဒဏ်ပေးမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။
NUG နဲ့ CRPH တာဝန်ရှိသူတွေကတော့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို ဥပဒေကြောင်းအရ ခုခံပိုင်ခွင့်မပေးပဲ စစ်ကောင်စီက တဖက်သတ် သေဒဏ်စီရင်လိုက်တာဟာ လူသတ်မှုမြောက်ပြီး စစ်ကောင်စီအနေနဲ့ ဒီအကျိုးဆက်ကို ပြန်ခံစားရမယ်လို့ တုံ့ပြန် ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံဟာ ဘက်ပေါင်းစုံ ယိုယွင်းပျက်စီးဆုတ်ယုတ်နေပြီး ကျရှုံးနိုင်ငံအဖြစ်ဦးတည်နေသလို မြန်မာစစ်တပ်ရဲ့ လူမျိုးရေး ဘာသာရေးပဋိပက္ခထောင်ချောက်ထဲကို ရခိုင်ပြည်သူတွေ မကျသွားအောင် သတိပြုကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ထုတ်ပြန်တိုက်တွန်းပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီနဲ့ စစ်ရေးတင်းမာနေတဲ့ ရက္ခိုင့်တပ်တော်(AA) ရဲ့ နိုင်ငံရေးအဖွဲ့အစည်း ULA က ဇွန် ၂၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပြောဆိုသတိပေးလိုက်တာဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်ချင်တဲ့ အစုအဖွဲ့တွေရဲ့တိုက်ပွဲတွေ နိုင်ငံအနှံ့အပြားမှာ နေ့တိုင်းဖြစ်နေတယ်လို့ ဆိုပါတယ်။
၂၀၂၁ နှစ်ကုန်ကာနီးအချိန်ကစလို့ ရခိုင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေရပ်တန့်ခဲ့ပေမယ့် မြန်မာစစ်တပ်ဟာ စစ်ရေးပြင်ဆင် လှုပ်ရှားတာ၊ စစ်အင်အားလက်နက်အင်အားတွေဖြန့်ကြက်တာ၊ ဒေသတွင်းမှာ ပြည်သူလူထုတွေအပေါ် ဖိနှိပ် အနိုင်ကျင့် ဖမ်းဆီးနှိပ်စက်တာ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အဖွဲ့ဝင်တွေကိုဖမ်းဆီးတာ စတာတွေအပြင် လူမှုသဟဇာတဖြစ်နေတဲ့ ရခိုင်နဲ့ ရခိုင်မဟုတ်တဲ့ လူမျိုး မျိုးနွယ်စုတွေအကြား သုံးနေကျ လက်နက်ဟောင်းတခုဖြစ်တဲ့ သပ်လျှိုဖြိုခွဲတဲ့နည်းလမ်း၊ အချိုသပ် မက်လုံးပေးတဲ့နည်းလမ်းတွေကိုသုံးပြီး လူမျိုးရေး ပဋိပက္ခတွေကို ဖန်တီးဖို့ ကြိုစားနေတယ် လို့လည်း ဆိုပါတယ်။
ဇွန် ၁၆ ရက်က မောင်တောမြို့နယ်က ကျောင်းအုပ်ဆရာကြီးနဲ့ လက်ထောက်ဆရာမတို့ကို ပြန်ပေးဆွဲတဲ့ ဖြစ်စဉ်၊ ပေါက်တောမြို့နယ် ကြိမ်နီပြင်ရွာက မွတ်စလင်လူငယ်တယောက်ကို ရိုက်နှက် လက်ပြန်ကြိုးတုပ်ပြီး ကျောကုန်းကို ကျောက်တုံးနဲ့ ဖိထားတဲ့ ဖြစ်စဉ်တို့အပြင် ပြီးခဲ့တဲ့လတွေမှာလည်း မြောက်ဦး၊ ကျောက်တော်စတဲ့ မြို့တွေမှာ စပါးရိတ်စက်တွေ၊ ကောက်လှိုင်းတွေ မီးရှို့ခံရတာ၊ မုဒိမ်းကျင့်ဖို့ ကြံစည်တာအပါအဝင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်နိုင်တဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလုပ်ရပ်တွေကို စစ်ကောင်စီရဲ့ လက်ကိုင်တုတ် ရခိုင်တချို့၊ အမျိုးသား သစ္စာဖောက်တချို့နဲ့ စစ်တပ်ထဲက ရခိုင်စကားပြောတတ်သူတွေကို အသုံးချခဲ့တာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် လူမှုကွန်ရက်ပေါ်က သတင်းတွေကို အသိဉာဏ်နဲ့ ဆင်ခြင်ဖတ်ရှုကြဖို့၊ ပဋိပက္ခကို ဦးတည်တဲ့ အရေးအသား လှုံ့ဆော်တာတွေ ရေးသားဖြန့်ဝေတာတွေ မလုပ်ဖို့၊ အတိတ်ကဖြစ်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခဖြစ်ရပ်တွေကို သင်ခန်းစာယူကြဖို့ ULA က တိုက်တွန်းထားပြီး နောက်ထပ် အလားတူ ဖြစ်စဉ်တွေ မပေါ်ပေါက်စေဖို့အတွက်လည်း ဂရုစိုက်ကာကွယ်စောင့်ထိန်းကြဖို့ လိုတယ် လို့လည်း ဆိုပါတယ်။