ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ကြား တိုက်ပွဲတွေ မဖြစ်တော့ဘဲ ရပ်တန့်နေတာဟာ သဘောတူညီချက်တစုံတရာ ရယူထားတာမဟုတ်ဘဲ Gentleman Agreement နှစ်ဘက်နားလည်မှုနဲ့ပဲ ရပ်စဲထားတာဖြစ်တယ်လို့ အေအေအဖွဲ့က ပြောပါတယ်။
မတ် ၅ ရက်နေ့က အွန်လိုင်းကနေ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ ခိုင်သုခက ပြောကြားတာဖြစ်ပါတယ်။
“ကျနော်တို့က ဒီအခု SCC နဲ့ ကျနော်တို့ကြားမှာ အပစ်အခတ်ရပ်စဲထားတာဟာ တစ်ခု သဘောတူညီချက်မှလည်း လက်မှတ်ထိုးပြီးတော့ ရပ်စဲထားတာ မရှိပါဘူး၊ ကျနော်တို့ဟာ Gentleman agreement နှစ်ဘက်နားလည်မှုနဲ့ပဲ ရပ်စဲထားတာဖြစ်ပါတယ်၊ အခုအကျဥ်းသား လွှတ်ပေးရေးကိစ္စတွေ၊ အဲဒီလိုဟာတွေကို လုပ်ပေးနေတာက ကျနော်တို့ရဲ့ ကြားခံလူတွေကတဆင့် အဲဒီလို ပြောဆိုလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ ခြုံပြီးပြောမယ်ဆိုရင် ကျနော်တို့ကြားမှာ concrete သဘောတူညီချက် တစ်ခုမှလည်း မရှိဘူးလို့ ပြောလို့ရပါတယ်။ ပြီးရင် မြန်မာစစ်တပ်ဘက်က စစ်ရေးလှုပ်ရှားမှုအခြေအနေနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ဘက်ကလည်း အမြဲတမ်း မျက်ခြည်မပြတ်စောင့်ကြည့်နေတယ် ဆိုတာကို ပြောလိုပါတယ်၊ ပြီးရင် ကျနော်တို့က လိုအပ်ရင်လိုအပ်သလို ဘယ်အခြေအနေမှာမဆို အမြဲတမ်းအဆင်သင့်ဖြစ်အောင်လို့ ကျနော်တို့ဘက်ကလည်း ကြိုးပမ်းလုပ်ဆောင်နေတာ ရှိပါတယ်” လို့ ခိုင်သုခက ပြောပါတယ်။
စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ကြား အန်အယ်လ်ဒီအစိုးရလက်ထက်က တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တာဖြစ်ပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေ ရပ်သွားသလို ရခိုင်အမျိုးသားရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေလည်း မရှိသလောက် ရပ်တန့်သွားပါတယ်။
ရခိုင်မှာ လက်ရှိအချိန် တိုက်ပွဲဖြစ်ပွားတာမရှိတော့ပေမဲ့ စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ စစ်ရေးလှုပ်ရှားသွားလာတာတွေ ရှိနေသလို မြို့ပေါ်တွေမှာလည်း မကြာခဏ ဧည့်စာရင်းစစ်တာ၊ စစ်ကားတွေနဲ့ လှည့်လည်နေတဲ့အတွက် ပြည်သူတွေမှာ စိုးရိမ်ထိတ်လန့် နေကြပါတယ်။
ပြန်လည်လွတ်မြောက်လာတဲ့ ရက္ခိုင့်တပ်တော် (အေအေ)၊ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်ရဲ့ ညီဖြစ်သူ ကိုအောင်မြတ်ကျော်နဲ့ ညီမ မယမင်းမြတ်(ခ)မမိုးနှင်းဖြူ အပါအဝင် ၁၀ ယောက်ဟာ ဇွန်လ ၉ ရက်၊ ဒီနေ့ညနေ ၅ နာရီကျော်က ရန်ကုန်မှ စစ်တွေသို့ လေကြောင်းခရီးနဲ့ ပြန်ရောက်လာရာ စစ်တွေလေဆိပ်မှာ ဒေသခံတွေ အများအပြား လာရောက်ကြိုဆိုခဲ့ကြပါတယ်။
အေအေစစ်ဦးစီးချုပ်ရဲ့ညီ ကိုအောင်မြတ်ကျော်၊ ညီမ မယမင်းမြတ်(ခ)မမိုးနှင်းဖြူ၊ ရခိုင်အသင်း (စင်ကာပူ)ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုကျော်နိုင်၊ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ ကိုမောင်ပန် (ခ) ကိုထွန်းအေးနဲ့ ကိုရွှေလှိုင်သန်းတို့ ၁၀ ဦးဟာ အေအေနဲ့ ပတ်သက်တယ်ဆိုပြီး ၂ဝ၁၉ ခုနှစ်က စင်ကာပူက အပြန် ရန်ကုန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ဖမ်းဆီးခံထားရပြီး ၂ နှစ်လောက်အကြာ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးက ဒီနေ့ ဇွန်လ ၉ ရက်မှာ အမှုကနေ တရားသေလွှတ်ပေးလို့ ပြန်လွတ်မြောက်လာတာဖြစ်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ကို နေ့ချင်းပြန်လာခဲ့ကြတာ ဖြစ်ပါတယ်။
Photo - Kaung Mrat Naing / MPA