ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီက အတင်းအကျပ်ဖိအားပေးပြီး နေရပ်ပြန်ခိုင်းနေပေမဲ့ စစ်ဘေးရှောင်တွေကတော့ ရွာတွေမှာ ဘေးကင်းလုံခြုံမှုမရှိတာကြောင့် စစ်ကောင်စီတပ်တွေ ရှိနေသရွေ့ နေရပ်မပြန်လိုဘူးလို့ ပြောကြပါတယ်။
ဘူးသီးတောင်မြို့မှာ လာရောက်ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ အထုပ်အပိုးတွေ ပြင်ထားကြဖို့နဲ့ ပြန်မယ့်အိမ်ထောင်စုတစ်စုကို နေအိမ်ပြုပြင်စရိတ် ကျပ် ၆ သိန်းစီပေးမယ်လို့ စက်တင်ဘာနောက်ဆုံးပတ်မှာ စစ်ကောင်စီတပ်က ဗျူဟာမှူးအပါအဝင် ထွေအုပ်တာဝန်ရှိသူတွေက ပြောထားတာဖြစ်ပါတယ်။
ဘူးသီးတောင်မြို့နယ်၊ ဥယာဉ်သာကျေးရွာသူ ဒေါ်မသိန်းယဉ်က “ကျမတို့ ရွာကိုပြန်ရင် နေစရာနေအိမ်လည်းမရှိတောဘူး။ လုပ်စားစရာနေရာနဲ့ ကျွဲ၊နွားတွေလည်း မရှိတောဘူး။ ရွာကိုပြန်ရင်၊ အဲဒီနေရာတွေမှာ မိုင်းတွေလည်းရှိနိုင်တယ်။ ကလေးတွေအတွက် အလွန်စိုးရိမ်စရာပါ။ ကျမတို့ကျေးရွာအနီးက ၃၁ ဘုံမှာ စစ်တပ်က တပ်စွဲထားတုန်းပါ။ အဲဒီလိုနေရာတွေက စစ်တပ်တွေ နောက်ဆုတ်မပေးသရွေ့ ကျမတို့လုံးဝအိမ်မပြန်ရဲပါ”လို့ ပြောပါတယ်။
အလားတူ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၃ ခုမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေကိုလည်း စစ်ကောင်စီက နေရပ်ပြန်ခိုင်းနေတယ်လို့ စခန်းတာဝန်ခံတွေက ပြောပါတယ်။
ကျောက်တော်စစ်ဘေးရှောင်စခန်းမှ အသက် ၅၀ အရွယ် စစ်ဘေးရှောင်အမျိုးသမီးကြီးတဦးက "ကျမတို့ နေအိမ်ပြန်ရင်လည်း ကျမတို့ ထားခဲ့တဲ့ ပစ္စည်းဥစ္စာတွေ မရှိတောပါဘူး။ လက်နဲ့ဖဝါး ဘဲကျန်တောတာ”လို့ ပြောပါတယ်။
စစ်ဘေးရှောင်တွေ မူလနေရပ်သို့ ပြန်နိုင်ဖို့ ကျေးရွာတွေအနီးရှိ စစ်ကောင်စီတပ်တွေ ယာယီတပ်စခန်းတွေကနေ မိခင်တပ်ရင်းသို့ ပြန်သွားကြဖို့၊ မိုင်းတွေနဲ့ စစ်လက်နက်အ ကြွင်းအကျန်အားလုံး ဖယ်ရှားပေးဖို့၊ လက်နက်ကြီးထိမှန်ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ မီးရှိုခံခဲ့ရတဲ့ နေအိမ်တွေ ပြန်လည်ပြုပြင်ပေးဖို့နဲ့ စားနပ်ရိက္ခာဖုံလုံစွာ လုပ်ပေးဖို့၊ အသက်အိုးအိမ်နဲ့ ဘဝလုံခြုံရေး ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးဖို့စတဲ့ အချက်တွေကို စစ်ဘေးရှောင်တွေက အလိုရှိနေတာဖြစ်ပါတယ်။
ဘူးသီးတောင်မြို့နယ် ဥယာဥ်သာကျေးရွာသား ဦးအောင်သိန်းက "ကျနော်တို့မှာ လုပ်စားမယ့် ယာခင်းတွေ၊ နေထိုင်မယ့် အိုးအိမ်ကအစ ဘာမှမရှိတော့ဘူး။ ဒါကြောင့်နေပြန်ဖို့ အခက်အခဲများစွာရှိပါတယ်။ ကျနော်တို့ရွာမှာ လက်နက်ကြီးကျလို့ ပျက်စီးသွားတဲ့ နေအိမ်တွေလည်းရှိတယ်။ မီးရှို့လို့ ပျက်စီးသွားတဲ့နေအိမ်တွေလည်းရှိတယ်။ အဲဒီနေအိမ်တွေမှာ ဘယ်လိုမှ လူနေထိုင်လိုမရနိုင်တော့ပါဘူး။ ကျနော်တို့ နေရပ်ပြန်ဖို့အတွက် နယ်မြေသန့်ရှင်းပေးရမယ်။ နေအိမ်တွေတည်ဆောက်ပေးရမယ်။ စားဝတ်နေရေးဖုံလုံ အောင် ထောက်ပံ့ပေးရပါမယ်။ ဒါမှနေအိမ်ကိုပြန်နိုင်မှာပါ။ နောက်ပြီး ယာယီချထားတဲ့ တပ်စခန်းတွေကိုပါ ရုပ်သိမ်းပေးဖို့လိုသလို မိုင်းနဲ့လက်နက်အကြွင်းအကျန်တွေပါရှင်းပေးဖို့ လိုပါတယ်”လို့ ပြောပါတယ်။
ရက္ခိုင့်တပ်တော် (အေအေ)နဲ့ စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများကြောင့် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၅ ရက်အထိ ရခိုင်ပြည်နယ်ရှိ ၁၀ မြို့နယ်မှာ စစ်ဘေးရှောင်ဦးရေ ၇၁၉၄၂ ဦး နေရပ်စွန့်ခွာနေကြရပြီး ဒီအထဲမှာ မြောက်ဦး၊ ကျောက်တော်နဲ့ စစ်တွေမြို့နယ်တို့မှာ အသစ်ထပ်မံ နေရပ်စွန့်ခွာလာရသူ စစ်ဘေးရှောင် ၄၉၅၉ ဦးအထိရှိကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) စက်တင်ဘာ ၂၆ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်အတွင်း ရက္ခိုင်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေလို့ စစ်ဘေးရှောင် အရေအတွက်များလာပြီး အရေးပေါ်အကူညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင် ပြည်သူတွေနဲ့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။
လတ်တလောကတော့ သူတို့က အိမ်တွေ၊ ရွာတွေကို ပစ်ပြီး ထွက်ခွာလာရလို့ စားရေးသောက်ရေး ကတော့ ပထမအခက်ခဲ ဖြစ်ပြီး နေရေးထိုင်ရေးကတော့ နီးစပ်ရာ ကျေးရွာတွေ၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ ဆွေမျိုးတွေဆီမှာ ခိုလှုံနေရတယ်လို့ ဆိုပါတယ်။
ဩဂုတ် ၃၁ ရက် နယ်ခြားမှတ်တိုင် ၄၀ တိုက်ခိုက်ခံရအပြီး စစ်ကောင်စီဘက်က အေအေအခြေပြုရာ ဝေလာတောင်ကြောကို ဝေဟင်က တောက်လျှောက်ပစ်ခတ်တိုက်ခိုက်နေပြီး စက်တင်ဘာ ၂ ရက်က တကြိမ်၊ စက်တင်ဘာ ၃ ရက် မနက်ပိုင်းက တကြိမ် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခု ညနေ ၄ နာရီ ၂၀ မှာ မောင်တောမြို့အရှေ့ဘက်က ဘူးသီးတောင်နဲ့ မောင်တောကြားရှိ မင်္ဂလာကြီးတောင်ဝန်းကျင်က အေအေ အထိုင်စခန်းငယ်တွေကို မြေပြင်ဝေဟင် ၂ ခု နဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေဆဲပဲလို့ သိရပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေကို အကူညီပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင်က “စစ်ဘေး ရှောင်တွေကတော့ တောက်လျှောက်တိုးလာနေပြီး စာရင်းတွေ တက်နေပေမဲ့ စာရင်းကတော့ချုပ် လို့ မရသေးဘူး။ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်နဲ့ မြောက်ဦး မြို့နယ်တွေက လတ်တလော စစ်ဘေးရှောင်အရေအတွက်ကတော့ ၅၀၀၀ လောက်ရှိတယ်”လို့ ပြောပါတယ်။
အခုလတ်တလော နှစ်ဘက်ထိတွေ့တိုက်ပွဲတွေရှိနေပြီး တချို့ရွာတွေကတော့ တိုက်ပွဲ ဖြစ်တာ မရှိသေးပေမဲ့ ကြိုတင်ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေ ရှိနေပြီး ဒီအတိုင်းသာ စစ်ပွဲတွေ ထပ်ဖြစ်နေရင်တော့ စစ်ဘေးရှောင်တွေကတော့ ကြီးကြီးမားမားတိုးလာမယ်လို့ မြင်နေတယ်လို့ ကိုဝေဟင်အောင်က ပြောပါတယ်။
အောင်ဗလရွာ ဘုန်ကြီးကျောင်းမှာတော့ လေယာဉ်နဲ့လက်နက်ကြီး ပစ်ခတ်လို့ တိမ်းရှောင်လာတဲ့ စစ်ရှောင် ၁၄၉ ယောက် လက်ခံထားပြီး ကျေးရွာထဲက ထမင်းထုတ်တွေအလှူခံပြီး ကျွေးမွေးစောင့်ရှောက်ထားတယ်လို့ အောင်ဗလရွာကျောင်းထိုင်ဆရာတော်ဦးသုစိတ္တမာလက မိန့်ပါတယ်။
နှစ်ဘက်တိုက်ပွဲတွေကြောင့် မောင်တောမြို့နယ်ထဲက တရိန်း၊ ဖားဝပ်ချောင်း၊ ရန်အောင်ပြင်၊ တောင်ပြိုလက်ဝဲ၊ တမန်းသား၊ လောင်းဒုံ၊ အောင်မင်္ဂလာ၊ အောင်သာယာနဲ့ မင်းခမောင်း ကျေးရွာက ဒေသခံတွေဟာ အခုချိန်မှာတော့ ဘေးလွတ်ရာ ထွက်ပြေးနေကြရတာပါ။
ရန်အောင်ပြင်ရွာက စစ်ဘေးရှောင် အမျိုးသမီး တဦးက “စစ်တပ်က လေယာဥ်တွေနဲ့ မကြာခဏလာ ဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ရွာမှာ မနေရဲကြဘူး။ ကျမတို့ ရွာနားက မင်းကြီးကျေးရွာမှာလည်း ပြီးခဲ့တဲ့ တပတ်ကျော်လောက်က လက်နက်ကြီး ထိလို့ အဘွားအို တဦး သေဆုံးခဲ့တာကြောင့် အခုလို ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့တယ်”လို့ ပြောပါတယ်။
သြဂုတ် ၁၃ ရက်ကစပြီ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာနဲ့ ကျောင်ပန္ဒူကျေးရွာနားမှာ အေအေ နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲတွေကြာမြင့်လာတာကြောင့် မောင်းတောမြောက်ပိုင်းက စစ်ကောင်စီတပ်ဖွဲတပ်ရင်းတွေ ရိက္ခာများပြတ်လပ်နေကြောင်း နယ်ခြားစောင့်အရာရှိ တဦးက ပြောပါတယ်။
လတ်တလော မောင်တောမြို့နယ်မြောက်ပိုင်းက ဖားဝပ်ချောင်းကျေးရွာမှ ကြိမ်ချောင်း လမ်းတလျှောက် အေအေတပ်ဖွဲဝင်တွေက နေရာယူထားတာကြောင့် စစ်ကောင်စီတပ်တွေအနေနဲ့ ရိက္ခာနဲ့ လူအင်အား မဖြည့်တင်းနိုင်ကြဘူးလို့ သိရပါတယ်။
ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေစဖြစ်တည်းက စစ်ကောင်စီက အေအေကို ရိက္ခာပြတ်အောင် လမ်းတွေပိတ်၊ ရိက္ခာပြတ်အောင် လုပ်ပေမဲ့ တကယ်ပြတ်သွားတာက စစ်ကောင်စီတပ်တွေ ဖြစ်နေတယ်လို့ မောင်တောမြောက်ပိုင်းဒေသခံတဦးက ပြောပါတယ်။
ရိက္ခာပြတ်လပ်မှုနဲ့ အေအေလွှမ်းမိုးလာတာကြောင့် မောင်တောမြောက်ပိုင်းက နယ်ခြားစောင့် စခန်းငယ် ၃၀ လောက် နောက်ဆုတ်ပေးလိုက်ရပြီး လက်ရှိ ကြိမ်ချောင်း ၂၄ ဂိတ်အပါအဝင် နခခ(၇) နဲ့ အခြားနယ်ခြားစောင့်စခန်းငယ် ၁၀ ခန့် ရိက္ခာပြတ်လပ်တာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ နယ်ခြားစောင့်အရာရှိတချို့ထံက သိရပါတယ်။
ရခိုင်ပြည်နယ်တွင်းတိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် ဩဂုတ် ၁၄ ရက်ကစလို့ မောင်တော-အငူမော် လမ်းကို ပိတ်လိုက်တာဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးအတွက် မေယုမြစ်ကို သုံးပြီး စစ်တွေ-ဘူးသီးတောင်ရေကြောင်းလမ်းကို ဇက်ဖြင့် သွားလာနေရာက စက်တင်ဘာ ၂ ရက်ညနေပိုင်းက ညောင်ချောင်းကျေးရွာရောက် အေအေတပ်ဖွဲ့က မြစ်တွင်းသွားဇက်ကို စစ်ဆေးခဲ့ပြီးနောက်ပိုင်း စက်တင်ဘာ ၃ ရက်ကစလို့ အဲဒီရေကြောင်းလမ်းကို ပိတ်လိုက်ပြီလို့ ဇက်ရေယာဥ်ရဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။
တိုက်ပွဲတွေနဲ့ပတ်သက်လို့ ဒေသခံလူကြီး တဦးက "ဒုက္ခရောက်တာက ပြည်သူတွေပါ။ ဘယ်စစ်ပွဲဖြစ်ဖြစ် စတေးပေးရတာ ပြည်သူပါ။ ရိက္ခာဖြတ်လည်း ပြည်သူခံရမယ်။ လမ်းတွေ ပိတ်လည်း ပြည်သူ ဒုက္ခရောက်မယ်။ အခု တိုက်ပွဲတွေကြောင့် မောင်တောမြောက်ပိုင်းမှာ စာသင်ကျောင်းတွေ အားလုံးပိတ်ထားရပြီ။ ဝန်ထမ်းတွေ၊ ဒေသခံသက်ကြီးရွယ်အိုတွေ၊ ကလေး တစ်ထောင်ကျော်လောက် စစ်ဘေးရှောင် နေကြရတယ်။ စားနပ်ရိက္ခာတွေ ပြတ်လို့ ငတ်ကုန်ကြ ပြီ။ အခု စစ်တိုက်နေတဲ့ လက်နက်ကိုင် ၂ ဖက်လုံးက အခုထိ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူး။"လို့ ပြောပါတယ်။