close

ရခိုင်စီးပွာ‌းရေးလုပ်ငန်းရှင်များ

close

September 21, 2022

အေအေကို မထောက်ပံ့ရန် ရခိုင်ရှိ စီးပွားရေးလုပ်ငန်းရှင်များအား စစ်ကောင်စီ သတိပေး​

ရခိုင်ပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းရှင် ၆၀ ကျော်ကို ပြည်နယ်စစ်ကောင်စီမှ စက်တင်ဘာ ၂၀ ရက်က ခေါ်ယူပြီး ရက္ခိုင့်တပ်တော် (အေအေ) ကို ထောက်ပံ့တာတွေ မပြုလုပ်ကြဖို့ သတိပေးခဲ့တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တယောက်က “လုပ်ငန်းရှင်တွေအနေနဲ့ အေအေကို လုံးဝမထောက်ပံ့ကြဖို့ ပြောတယ်။ နောက်ပြီး ဒဏ်ရာရ အေအေတပ်ဖွဲ့ဝင်တွေကို ဆေးရုံ ဆေးခန်းတွေမှာ လာရောက်ဆေးကုသမှု ပြုတာတွေကိုပါ မကူညီကြဖို့ ပြောတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှ ရွှေဆိုင်လုပ်ငန်းရှင်တွေ၊ ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ တခြားလုပ်ငန်းရှင် စုစုပေါင်း ၆၀ ကျော်ကို စစ်တွေမြို့ရှိ ပြည်နယ်အစိုးရရုံးကို ခေါ်ယူပြီး ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) မှူးနဲ့ ပြည်နယ်ရဲမှူးတို့က ဦးဆောင်ကာ သတိပေး ခြိမ်းခြောက်ပြောဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

အေအေကို ထောက်ပံ့တာတွေ ရပ်တန်ဖို့၊ လုပ်ငန်းရှင်တွေအားလုံး ထောက်ပံ့နေတာတွေကို သတင်းအတိအကျ ရထားတာတွေရှိပြီး မလိုက်နာပါက အရေးယူသွားမယ်၊ ညှာတာမှာမဟုတ်ဘဲ ရန်သူကို ရန်သူလိုပဲ ဆက်ဆံသွားရမှာဖြစ်တယ်လို့ ပြောဆိုကြောင်း ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“သူတို့မှာ လက်နက်အင်အား အများကြီး အားသာနေတာပဲ။ ရုရှားကဝယ်ထားတာတွေ အများကြီးပဲ။ အခုလည်း လေကြောင်းနဲ့ ဗုံးကြဲနေတာပဲ။ စီးပွားရေးသမားတွေ စုပြီး လေယာဥ်ပစ်လက်နက်တွေ ဝယ်ပေးမှာကို ကြောက်နေတဲ့သဘော တွေ့ရတယ်ဗျ။”

စစ်ကောင်စီက ရခိုင်ရှိ မြို့နယ်အများစုမှာ လမ်းပန်းဆက်သွယ်ရေးနဲ့ စားနပ်ရိက္ခာ သယ်ယူခွင့်တွေ ပိတ်ဆို့ ကန့်သတ်ထားသလို INGO/NGO အဖွဲ့တွေကိုလည်း မြို့နယ် ၆ ခုမှာ ကူညီထောက်ပံ့တာနဲ့ ခရီးသွားလာခွင့်တွေ အကန့်အသတ်မရှိ ပိတ်ထားတာပါ။

အခုလို စစ်ကောင်စီရဲ့ တားဆီးပိတ်ပင်မှုတွေကြောင့် ရခိုင်စစ်ဘေးရှောင်တွေနဲ့ ပြည်သူတွေ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။

1 min Ago
Up