close

ရခိုင်ရိုးမ

close

July 2, 2022

ကြံခင်းမြို့နယ်အနီး ရခိုင်ရိုးမပေါ်တွင် ဧရာဝတီ PDF နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်နဲ့ ထိစပ်တဲ့ ရခိုင်ရိုးမပေါ်မှာ ရိုးမဧရာဝတီ၊ ဒေါင်းတမာန်ဧရာဝတီ PDF ပူးပေါင်းဖွဲ့တွေနဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေ  ဇူလိုင် ၁ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့  ဒေသခံ PDF တပ်ဖွဲ့တွေက ပြောပါတယ်။

ရိုးမဧရာအဖွဲ့အခြေစိုက်ရာ အနောက်ရိုးမတနေရာကို   စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ ကျော်လောက်နဲ့ စစ်ကြောင်းထိုးစီးနင်းလာရာမှာ  ရိုးမဧရာအဖွဲ့က ပြန်လည်ခုခံခဲ့ပေမဲ့ လက်နက် အင်အားမမျှလို့ စခန်းကို စွန့်ခွာခဲ့ရတယ်လို့ဆိုပါတယ်။

တိုက်ပွဲမှာ  စစ်ကောင်စီဘက်က  ၁၂ ယောက်လောက်  သေဆုံးခဲ့ပြီး PDF တွေဘက်ကတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဒေသခံ PDF တာဝန်ရှိသူထံက သိရပါတယ်။

ရဲဘော်အားလုံးထိခိုက်မှုမရှိ အောင်မြင်စွာ စခန်းကို စွန့်ခွာနိုင်ခဲ့ပြီး စခန်းစွန့်ခွာခဲ့ရလို့ ပစ္စည်းတွေဆုံးရှုံးခဲ့ရကာ အကူအညီများစွာ လိုအပ်နေတယ်လို့ Ayeyarwaddy Revolution force က ထုတ်ပြန်ထားပါတယ်။

ဇွန် ၂၉ ရက်ကလည်း  မြန်အောင်မြို့မှာ နဂါးနီတော်လှန်ရေးတပ်ဖွဲ့က ရဲတပ်သား တယောက်ကို ပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့ သိရပါတယ်။

13 mins Ago

April 7, 2022

ရခိုင်ရိုးမ စေတုတ္တရာမြို့နယ်ရှိ PDF တပ်စခန်းများကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်

ရခိုင်ရိုးမတောင်ပေါ် မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်ထဲရှိ ဒေသခံ PDF တပ်စခန်းတွေကို ဧပြီ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က အပြင်းအထန်  ထိုးစစ်ဆင်နေပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တပ်ဖွဲ့တွေ ဧပြီ ၆ ရက်နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ကာ အလောင်းအများစုကို မကောက်နိုင်ဘဲ ထားခဲ့ရတယ်လို့ ဒေသခံ ကျေးရွာသားတယောက်ထံက သိရပါတယ်။

People Revolution Alliance (PRA-Magway) အဖွဲ့ တာဝန်ရှိသူယောက်က "သူတို့က ကျနော်တို့စခန်းနဲ့ ၁၀ မိုင်လောက်‌ဝေးတဲ့ နေရာမှာ စခန်းလာချနေတာ တပတ်လောက်ရှိပါပြီ။ တောင်ပေါ်မှာ ACDF၊ PRA(Magway)၊ Student Enforce စခန်းတွေ ရှိနေတာကိုလည်း သူတို့သိတယ်။ ကျနော်တို့မှာ အင်အားရှိတာကိုလည်း သူတို့သိနေတာ။ ဒါပေမဲ့ ရှေ့ကိုတိုးမလာဘဲ နေနေတာ အခု ဧပြီ ၅ ရက်နေ့မှာတော့ PRA စခန်းရှိတဲ့နေရာကို သူတို့ လက်နက်ကြီး၊ ရဟတ်ယာဉ်တွေနဲ့ စပစ်ခတ်ပြီး ‌မြေပြင်စစ်ကြောင်းတွေပါ စတက်လာကြတာ၊ ၆ ရက်နေ့မှာတော့ မနက် ၉ နာရီလောက်မှာ ကျနော်တို့က သူတို့ကို မိုင်းကွင်းထဲ ဆွဲခေါ်လာပြီး အပြန်အလှန် ပြစ်ခတ်မှုတွေ စတင်ခဲ့ပါတယ်။ ရန်သူစစ်ကောင်စီဘက်က ၆ ရက်နေ့တိုက်ပွဲမှာတော့ တိုက်လေယာဉ် ၃ စီး၊ ဂျက်တိုက်လေယာဉ်တစီး သုံးပြီး တပ်မ ၆၆၊ တပ်မ ၈၈ နဲ့ ငဖဲ ကပစ ၁၄ တပ်တွေအပြင် ရဲတပ်ဖွဲ့၊ ပျူအဖွဲ့ စုစုပေါင်း အင်အား ၆၀၀ ခန့်နဲ့ ပစ်ခတ်ခဲ့ပါတယ်။" လို့ ပြောပါတယ်။

တိုက်ပွဲမှာ PDF တွေ အသေးစား ထိခိုက်မှုတချို့ရှိပြီး စစ်ကောင်စီဘက်ကတော့ အလောင်း ၂၀ လောက်နဲ့ လက်နက်တချို့ ရခဲ့ပြီး ညနေပိုင်း ၄ နာရီကျော်မှာတော့ ရန်သူဘက်က ဆုတ်သွားတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ACDF (Asho Chin Defence Force) အဖွဲ့ တာဝန်ရှိသူက "ဧပြီ ၇ ရက်နေ့ တိုက်ပွဲကြောင့် သက္ကယ်ကျင်းကျေးရွာနဲ့ ရေဖြူတောင်ကျေးရွာက အိမ်တွေ မီးလောင်ပျက်စီးခဲ့ပြီး အိမ်ခြေ အတိအကျတော့ ကောက်ယူလို့ မရသေးပါဘူး။ ဒါပေမဲ့ စစ်ပြေးဒုက္ခသည်ကတော့ အိမ်ထောင်စု ၈၀ လောက် တောထဲကို တိမ်းရှောင်ထွက်ပြေးနေရတယ်။ ညနေဘက်မှာ တိုက်ပွဲရပ်သွားခဲ့ပေမဲ့ လက်နက်ကြီးတွေနဲ့ ရွာတွေကို လှမ်းပစ်တာတွေတော့ ဆက်လုပ်နေသေးတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ညဘက်မှာ တညလုံး လက်နက်ကြီးတွေနဲ့ ရွာတွေဘက်ကို ပစ်ခတ်ခဲ့ပြီး ဒီနေ့ ဧပြီ ၇ ရက် မနက် ၇ နာရီကျော်လောက်ကတည်းက သက္ကယ်ကျင်းကျေးရွာနဲ့ ရေဖြူကျေးရွာတွေဘက်မှာ ACDF နဲ့ တိုက်ပွဲစတင်ဖြစ်ပွားနေခဲ့ကာ ပထမရက်ကထက် ပိုပြီး စစ်သည်အင်အား တိုးချဲ့လာတယ်လို့ ဆိုပါတယ်။

PDF မဟာမိတ် ပူးပေါင်းအဖွဲ့တွေကလည်း စစ်ကောင်စီတပ်တွေ စခန်းချထားတဲ့နေရာ ၂ နေရာကို စစ်ကြောင်း ၂ ကြောင်းခွဲပြီး တန်ပြန်ထိုးစစ်ဆင် တိုက်ပွဲဝင်နေကြပြီလို့ PRA(Magway) အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး ထိခိုက် ကျဆုံး ဒဏ်ရာရတဲ့ သတင်းတွေ ထုတ်ပြန်တာ မရှိသေးပါဘူး။

3 months Ago
Up