close

ရခိုင်ဝန်ကြီးချုပ်

close

February 2, 2023

ရခိုင်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနေရာ၌ ဗိုလ်မှူးကြီးထိန်လင်းကို စစ်ကောင်စီက အစားထိုးခန့်

စစ်ကောင်စီဩဇာခံ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနေရာမှာ အရင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးကြီးထိန်လင်းကို အစားထိုး ခန့်အပ်လိုက်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီက အသစ်ထပ်ခန့်အပ်ခဲ့တဲ့ တခြားရခိုင်ပြည်နယ်ဝန်ကြီးတွေ နေရာအပြောင်းအလဲကိုတော့ မသိရသေးဘူးလို့ စစ်ကောင်စီခန့် အမည်မဖော်လိုတဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဗိုလ်မှူးကြီးထိန်လင်းကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဖေဖော်ဝါရီ ၁ ရက် နေ့စွဲနဲ့ လက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။

ဗိုလ်မှူးကြီးထိန်လင်းဟာ အရင်က ဘူးသီးတောင်မြို့နယ်မှာ ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (လုံနယ်ဝန်ကြီး) အဖြစ် ခန့်အပ်ခြင်းခံခဲ့ရကာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ လက်ရှိ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာတာပါ။

စစ်ပွဲတွေ မကြာခဏ ပြင်းထန်ဖြစ်ပွားလေ့ရှိတဲ့ ရခိုင်ပြည်နယ်မှာ အရပ်သားဝန်ကြီးချုပ် အစား စစ်ဘက်ကလာတဲ့ အရာရှိကို ပြောင်းလဲခန့်အပ် တာဝန်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်ကျော်မင်းကတော့ စစ်ကောင်စီအဖွဲ့ဝင်ဖြစ်လာပြီး အရင် စစ်ကောင်စီဝင် ဒေါ်အေးနုစိန်ကိုတော့ စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ် ပြောင်းလဲတာဝန်ပေးခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစပြီး နိုင်ငံ့အာဏာကို တရားမဝင်လုယူထားတဲ့ စစ်ကောင်စီဟာ ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်ခဲ့တဲ့ ကာလုံအစည်းအဝေးရဲ့ ထောက်ခံချက်နဲ့ ဥပဒေလက်တလုံးခြားလုပ်ပြီး နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်တာ ဖြစ်ပါတယ်။

2 mins Ago

March 12, 2022

ရခိုင်ဝန်ကြီးချုပ် ဦးညီပု၏သမီးဖြစ်သူကို မတရားအသင်းဆက်သွယ်မှုဖြင့် အမှုထပ်တိုး တရားစွဲ

ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီးဖြစ်သူ မမိုးဆန်းစုကြည်ကို မတ်လ ၈ ရက်က ကမာရွတ်မြို့နယ် တရားရုံးကနေ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ ထပ်တိုး တရားစွဲဆိုလိုက်ပြီးတဲ့နောက် မတ်လ ၁၅ ရက်မှာ ရုံးထုတ်မယ်လို့သိရပါတယ်။ 

အန်အယ်လ်ဒီပါတီရဲ့ ဗဟိုလူငယ်တာဝန်ခံ မမိုးဆန်းစုကြည်ဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ အမှုရင်ဆိုင်နေရပြီး ၂၀၂၁ ခုနှစ်မေလ ၉ ရက်နေ့က ရန်ကုန်မြို လှည်းတန်းမှာ တခြားလူ ၃ ဦးနဲ့ အတူ စစ်ကောင်စီကဖမ်းဆီးသွားတာလည်းဖြစ်ပါတယ်။ 

အဲဒီလိုဖမ်းဆီးပြီးတဲ့နောက် အခုတစ်ပတ်ရုံးချိန်းမှာတော့ နောက်တိုးအမှုတွေနဲ့ ထပ်မံတရားစွဲဆိုခဲ့တာလည်းဖြစ်ပါတယ်။

သူ့ရဲ့ဖခင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကိုလည်း စစ်ကောင်စီက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ ထပ်တိုးတရားစွဲဆိုထားပြီး မတ်လ ၁၄ ရက်နေ့မှာ ဦးညီပုကို စတင်စစ်ဆေးမှာ ဖြစ်ပါတယ်။  

လက်ရှိ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၅ အပြင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ) တို့နဲ့ စစ်တွေအကျဥ်းထောင်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားပါတယ်။

11 months Ago
Up