close

ရင်ပေါင်တိုင်ရွာ

close

August 13, 2022

ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာတွင် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ကို သြဂုတ် ၁၂ ရက် ညနေ ၃ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းအဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဟာ ပြင်းထန်ခဲ့ပြီး ပစ်ခတ်သံတွေဟာ ညနေ ၆ နာရီဝန်းကျင်လောက်ထိ ကြားနေခဲ့ရကာ စစ်ကောင်စီဘက်က လေကြောင်းကပါ ပစ်ကူပေးခဲ့ရသလို  လူအင်အားလည်း ထပ်မံဖြည့်တင်းခဲ့ တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှု ရှိနိုင်ပြီး PDF အဖွဲ့ဘက်က ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ PDF အဖွဲ့နဲ့နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါတိုက်ပွဲနဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီဘက်က ထုတ်ပြန်ကြေညာထားတာ မရှိသေးသလို ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေဘက်ကလည်း ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

သြဂုတ် ၁၁ ရက်ညနေပိုင်းလောက်က ရင်ပေါင်တိုင်ကျေးရွာအပါအဝင် တခြားကျေးရွာတချို့ကိုပါ  စစ်ကောင်စီက လေကြောင်းကနေပစ်ခတ်ခဲ့ပြီး ရင်ပေါင်တိုင်ကျေးရွာအတွင်းကိုလည်း ပစ်ခတ်ဝင်ရောက်လာတာကြောင့် ဒေသခံအများအပြား ပိတ်မိဖမ်းဆီးခံထားရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

သြဂုတ် ၁၁ ရက်က ရင်ပေါင်တိုင်ကျေးရွာကို စစ်ကောင်စီတပ်က  ပစ်ခတ်ဝင်ရောက်ခဲ့ပြီးနောက် ဒေသခံ PDF ပူးပေါင်းတို့ အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ပြီး  PDF ဘက်က ၂ ဦးကျဆုံး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PDF အဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

3 days Ago
Up