မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျာမန်နည်းပြ ရင်းနစ်ကို ယာယီနည်းပြအဖြစ်ခန့် အပ်မယ့် အပြင် ရာသီအကုန်မှာ အကြံပေးအဖြစ်နဲ့ပါ ခန့်အပ်ဖို့ စီစဉ်ထားပါတယ်။
ဂျာမန်ဘောလုံးလောကရဲ့ Godfather လို့ တင်စားကြတဲ့ နည်းပြ ရင်းနစ်ဟာ ရုရှားကလပ် လိုကိုမော့တစ်မော်စကိုမှာ အားကစားနဲ့ ဖွံ့ဖြိုးရေးအကြီးအကဲရာထူးနဲ့ နောက်ဆုံးတာဝန်ယူခဲ့တာပါ။
ယူနိုက်တက်နဲ့ ရာသီကုန်အထိ ယာယီနည်းပြအနေနဲ့ စာချုပ်ချုပ်ဆိုဖို့အတွက် သဘောတူညီမှုရခဲ့ပြီး လိုကိုမော့တစ်နဲ့လည်း စာချုပ်ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အသက် ၆၃ နှစ်ရှိ နည်းပြ ရင်းနစ်ကို ရာသီကုန်အထိ ကိုင်တွယ်စေပြီးတဲ့နောက်မှာ နောက်ထပ် ၂ နှစ်စာချုပ်လောက်နဲ့ အသင်းရဲ့အကြံပေးရာထူးပေးဖို့ စီစဉ်ထားတာပါ။
အမြဲတမ်းနည်းပြချုပ်ရာထူးကိုတော့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကို လျာထားတယ်လို့ သိရပါတယ်။
နည်းပြရင်းနစ်ဟာ ဂျာမန်ကလပ်တွေဖြစ်တဲ့ စတုဂတ်၊ ဟန်နိုဗာ၊ ဟော့ဖန်ဟိမ်နဲ့ ရှော်ကေးအသင်းတွေမှာ နည်းပြခဲ့ပြီးနောက် လိုက်ဇစ်နဲ့ ဆဲလ်ဘတ်အသင်းတွေမှာ နာမည်ကောင်း ရခဲ့သူဖြစ်ပါတယ်။
သူ့ရဲ့ဘောလုံးဒဿနဟာ လက်ရှိအချိန်မှာ အောင်မြင်နေတဲ့ ဂျာမန်နည်းပြတွေဖြစ်ကြတဲ့ ကလော့ပ်၊ တူချယ်နဲ့ နာဂယ်စ်မန်းတို့အပေါ် လွှမ်းမိုးမှုရှိခဲ့တယ်လို့ သိရပါတယ်။