မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ Adani Group ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို နော်ဝေနိုင်ငံက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ရုပ်သိမ်းကာ အလုံးစုံဖယ်ရှားလိုက်ပြီး မြန်မာနိုင်ငံက စစ်တပ်နဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကနေ တာဝန်သိသိ နုတ်ထွက်ဖို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားအဖွဲ့တွေက ပူးပေါင်းတောင်းဆိုလိုက်ပါတယ်။
၂၀၂၂ ခုနှစ်၊ မတ်လတုန်းက နော်ဝေနိုင်ငံရဲ့ အချုပ်အခြာရန်ပုံငွေဖြစ်တဲ့ Norges Bank Investment Management (NBIM) က Adani Ports ကို သူတို့ စောင့်ကြည့်ရမယ့် စာရင်းမှာ ထည့်သွင်းခဲ့ပြီးနောက် အဲဒီကုမ္ပဏီနဲ့တခြား Adani Group ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အလုံးစုံဖယ်ရှားလိုက်တာဖြစ်ပြီး တခြားရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း အဲဒီလိုမျိုး လိုက်နာလုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။
Justice For Myanmar အဖွဲ့၊ Stop Adani အဖွဲ့နဲ့ ဩစတြေးလျအခြေစိုက် Australian Center for International Justice (ACIJ) အဖွဲ့တွေက ပူးတွဲထုတ်ပြန်ရာမှာ ဩစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ယူကေနဲ့ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားတဲ့ စစ်တပ် စီးပွားရေးလုပ်ငန်းစုကြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကို အခွန်ငွေပေးပြီး အလုံ နိုင်ငံတကာဆိပ်ကမ်း အမှတ် (၂) ကို ဆက်လက်လုပ်ဆောင်နေတဲ့ Adani Ports & Special Economic Zone Limited (Adani Ports) ကိုလည်း ရှုတ်ချလိုက်တာပါ။
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Adani Ports က နိုင်ငံတကာရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ပုန်းလျှိုးဝှက်လျှိုး အကျင့်ပျက် ခြစားနေတဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုအတွက် ငွေကြေးရှာဖွေပေးနေတာဖြစ်ပြီး၊ မြန်မာစစ်တပ်နဲ့ စီးပွားရေး လုပ်ဆောင်ရာမှာ အစမှာကတည်းက ရိုးသားမှုမရှိခဲ့ပါဘူး။ သူတို့ မူလကြေညာထားတဲ့အတိုင်း ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်အကုန်မှာ ထွက်ခွာရမယ့်အစား Adani Ports က မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ရင်းနှီးမြှုပ်နှံသူတွေကို မရိုးမဖြောင့် လှည့်စားခဲ့ပြီး ဝယ်ယူသူအကြောင်း ထုတ်ပြန်ဖို့ ငြင်းဆိုခဲ့ရုံတင်မကပဲ မြန်မာစစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်စစ်ဆင်နေချိန်မှာ မြန်မာစစ်တပ်အတွက် အကျိုးအမြတ် များမယ့် ဘဏ္ဍာရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးပိုင်ဆိုင်မှုလုပ်ငန်းတရပ်ကို ဆက်ပြီးဖော်ဆောင်နေတာ ဖြစ်ပါတယ်။ စစ်အုပ်စုဆီက ကျောက်မီးသွေးဝယ်ယူဖို့ Adani Power ရဲ့ ကြိုးပမ်းမှုဟာ အကောင်အထည်ပေါ်ခဲ့ရင် လုပ်ပိုင်ခွင့် အလွဲသုံးစား လိမ်လည်မှု မြောက်နိုင်ပြီး၊ စစ်အုပ်စု ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ငွေကြေးကူညီထောက်ပံ့မှာ ဖြစ်ပါတယ်။ Adani Ports က စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါ ပတ်သက်နေပြီး၊ သိသာထင်ရှားတဲ့ လာဘ်ထိုးငွေပေးချေမှုတွေ လုပ်ဆောင်နိုင်အောင် အိန္ဒိယအစိုးရက ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယအစိုးရက သူတို့ရဲ့ နိုင်ငံတကာတာဝန်တွေကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ လက်နက်ရောင်းချမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ အိန္ဒိယအနေနဲ့ ဒီလမ်းစဉ်ကို ပြောင်းလဲသင့်ပြီး၊ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်သင့်ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေထဲက အထောက်အထားအသစ်တွေမှာ မြန်မာစစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း Adani Power ကုမ္ပဏီက မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းကနေ အိန္ဒိယနိုင်ငံကို ကျောက်မီးသွေးတင်ပို့ဖို့နဲ့ မြန်မာနိုင်ငံအတွင်း ကျောက်မီးသွေးတူးဖော်ရေး စီမံကိန်းတွေမှာ အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့အတွက် စိတ်ဝင်စားမှုအဆိုပြုလွှာတစ်စောင်ကို စစ်အုပ်စုဝန်ကြီးဆီ တင်သွင်းခဲ့ပါတယ်။
အဲဒီအချိန်မှာ စစ်အုပ်စုဟာ Adani ကုမ္ပဏီ ကျောက်မီးသွေးဝယ်ယူဖို့ ကြိုးပမ်းနေတဲ့ဒေသက မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်စစ်ဆင်ရေးတရပ်ကို ဆင်နွှဲနေတာပါ။ စစ်ကိုင်းတိုင်းနဲ့ မြန်မာနိုင်ငံတဝန်းက မြန်မာပြည်သူတွေအပေါ် စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေက ဒီနေ့အချိန်အထိ ဆက်လက်ရှိနေပြီး၊ အဲဒီတိုက်ခိုက်မှုတွေက စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့ အတိုင်းအတာပဲ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Justice For Myanmar က ထုတ်ပြန်ခဲ့တဲ့ ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေကလည်း Adani Ports ဟာ MEC ကို ၂၀၁၉ ခုနှစ်အတွင်း ပေးချေခဲ့တဲ့ “မြေရှင်းလင်းခ” အမေရိကန်ဒေါ်လာ ၂၂ သန်း ရှိခဲ့တယ်လို့ ပြသနေပြီး ဒီပေးချေမှုရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ မှန်ကန်မှုရှိ၊ မရှိ စိုးရိမ်မှုတွေ မြင့်တက်စေတယ်လို့ ဆိုပါတယ်။ အဲဒီငွေပေးချေမှုရဲ့ အသေးစိတ်အချက်အလက်တွေကို ACIJ နဲ့ Justice For Myanmar တို့က ၂၀၂၁ ခုနှစ်မှာ ပထမဆုံး ရေးသားထုတ်ပြန်ခဲ့ပြီး အခုအခါမှာတော့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပေါက်ကြားလာတဲ့ သက်သေအထောက်အထားတွေနဲ့ အတည်ပြုပေးနိုင်ခဲ့ပါတယ်။
အလုံနိုင်ငံတကာဆိပ်ကမ်း အမှတ် (၂) စီမံကိန်းဟာ တည်ဆောက်-လည်ပတ်-လွှဲပြောင်း (ဘီအိုတီ) သဘောတူညီမှုနဲ့ MEC နဲ့ ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး ကုလသမဂ္ဂက သတိပေးခဲ့တဲ့အတိုင်း Adani Ports ကို မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါ ပတ်သက်စေပါတယ်။ Adani Ports နဲ့ MEC တို့ရဲ့ သဘောတူညီမှုက ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ် လူမျိုးတုံး သတ်ဖြတ်မှုစစ်ဆင်ရေးပြီးနောက် လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်က မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေအကြောင်း ရေးသားခဲ့တဲ့ သူတို့ရဲ့ အစီရင်ခံစာမှာ ဒီဆိပ်ကမ်းစီမံကိန်းကိုလည်း သတ်မှတ်ဖော်ပြခဲ့ပါတယ်။
အဲ့ဒီအစီရင်ခံစာမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန်လမှာ Adani Ports က သူတို့အနေနဲ့ MEC ကို အမေရိကန်ဒေါ်လာ သန်း ၉၀ ပေးချေထားကြောင်း ထုတ်ပြန်ခဲ့ပြီး ဩဂုတ်လမှာတော့ ACIJ နဲ့ JFM တို့က အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနထံ စာရေးသားပေးပို့ပြီး MEC အပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေမှ ကင်းလွတ်ခွင့်ရရှိဖို့ Adani Ports ရဲ့ အထွေထွေလိုင်စင်လျှောက်ထားမှုကို ငြင်းပယ်သွားဖို့ တိုက်တွန်း တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
မြန်မာနဲ့ ဩစတြေးလျနိုင်ငံတို့မှာရှိတဲ့ Adani Ports ရဲ့ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုတွေက ကုမ္ပဏီရဲ့ဂုဏ်သိက္ခာကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။
Australian Centre for International Justice ရဲ့ အမှုဆောင်ဒါရိုက်တာ Rawan Arraf ကတော့ “Adani Ports က အများပြည်သူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ ချေးငွေပေးအပ်သူတွေ၊ လူ့အခွင့်အရေး အသိုင်းအဝိုင်း၊ အထူးသဖြင့် မြန်မာနိုင်ငံက ထွက်ခွာမှာဖြစ်တယ်ဆိုတဲ့ Adani ရဲ့ ကြေညာချက် သတင်းတွေကို ကြိုဆိုခဲ့ကြတဲ့ မြန်မာပြည်သူတွေနဲ့ သူတို့ကိုထောက်ခံသူတွေအပေါ် မရိုးမဖြောင့်စွာနဲ့ လိမ်လည်လှည့်စားခဲ့တာ ဖြစ်ပါတယ်။ Adani က MEC နဲ့ ရာဇဝတ်အဖွဲ့အစည်း စစ်အုပ်စုရဲ့ လက်ထဲမှာ ပိုင်ဆိုင်မှုပစ္စည်းအဖြစ် ကျန်ခဲ့မယ့် ရန်ကုန်ဆိပ်ကမ်းကို ရောင်းချနိုင်ဖို့အတွက် တည်ဆောက်ရေးလုပ်ငန်းကို ဆက်ပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုမရိုးဖြောင့်တဲ့ အပြုအမူတွေကို ဆန့်ကျင်ရှုတ်ချရမှာဖြစ်သလို ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ တာဝန်သိတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်ဖို့နဲ့ Adani Ports ကနေ ရင်းနှီးမြှုပ်နှံမှုတွေ အပြီးတိုင် ရုပ်သိမ်းဖို့ တောင်းဆိုပါတယ်” လို့ပြောပါတယ်။
ဒါ့အပြင် ဩစတြေးလျနိုင်ငံရဲ့ အစိုးရတွေဟာ အမြတ်အစွန်းကိုသာ ဦးစားပေးပြီး ရာသီဥတု ဆိုးဆိုးရွားရွား ပျက်ပြားထိခိုက်စေတဲ့ လုပ်ငန်းလိုင်စင်တွေ ပေးထားတဲ့အတွက် Adani Group က ပိုပြီးရဲတင်းလာခဲ့တာဖြစ်ပြီး Adani Group ရဲ့ စစ်အုပ်စုနဲ့ မရှင်းလင်းတဲ့ စီးပွားရေးလုပ်ဆောင်မှုတွေအပေါ်မှာလည်း အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အာဏာသိမ်း စစ်ကောင်စီက အသစ်ပြဋ္ဌာန်း လိုက်တဲ့ ၂၀၂၃ ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ ဝင်ငွေရလမ်း မတင်ပြနိုင်တဲ့ ဝင်ငွေတွေအပေါ် အခွန်နှုန်းထားတွေ ဖြေလျှော့ပေးထားတဲ့အတွက် အိမ်ခြံမြေဈေးကွက်ထဲ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့ရှိတယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင်တွေက သုံးသပ်ပြောပါတယ်။
အဆိုပါဥပဒေမှာ ပါရှိတဲ့ ဖော်ပြချက်အရ ဘယ်သူမဆို အခြေပစ္စည်း တရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနဲ့ လုပ်ငန်းအသစ် တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ ဆောင်ရွက်ခြင်းတို့အတွက် အသုံးပြုတဲ့ဝင်ငွေမှ ဝင်ငွေရလမ်း တင်ပြနိုင်တဲ့ ဝင်ငွေရှိပါက ယင်းဝင်ငွေအား နုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေအပေါ်မှာ လည်းကောင်း၊ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိပါက အသုံးပြုတဲ့ ဝင်ငွေအပေါ်မှာ လည်းကောင်း အခွန်နှုန်းထားတွေကို ရာခိုင်နှုန်းအလိုက် ဖြေလျှော့ပေးထားပါတယ်။
ဒါကြောင့် ဝင်ငွေရလမ်း တင်ပြနိုင်ခြင်း မရှိတဲ့ စည်းကြပ်မှုက ကင်းလွတ်နေတဲ့ ဝင်ငွေတွေအပေါ် စစ်ကောင်စီက ရာခိုင်နှုန်းအလိုက် အခွန်ဖြေလျှော့မှုတွေ ပေးထားတဲ့အတွက် အဆိုပါ ဝင်ငွေတွေဟာ အိမ်ခြံမြေဈေးကွက်ထဲကို ဝင်လာဖို့ ရှိတယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင်တွေက ခန့်မှန်းထားပါတယ်။
“ကျနော်တို့ဆီမှာ များသောအားဖြင့်ပေါ့နော်။ ဝင်ငွေခွန်အတွက် အခွန်နှုန်းထားတွေ အခုလို လျှော့ပေါ့ ပေးတဲ့အခါ အိမ်ခြံမြေ ဈေးကွက်ထဲကို ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ငွေကြေးတွေ ဝင်လာလေ့ ရှိပါတယ်။ အခုလည်း ရင်းနှီးမြှုုပ်နှံမှုတွေ ဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာ ငွေကြေး များများစားစား ရင်းနှီးမြှုပ်နှံလို့ရတဲ့ နေရာက လက်ရှိမှာ မြေလောက် ကောင်းတဲ့ နေရာမရှိသေးဘူး။ ရွှေတို့ ဒေါ်လာတို့ ဆိုတာကလည်း ဒီလောက် ငွေများများစားစားနဲ့ ဝယ်ပြီး ကိုင်ထားဖို့ဆိုတာက လွယ်တာ မဟုတ်ဘူးလေ။ မြေ ကတော့ ရှင်းတယ်။ တကွက် တည်းနဲ့ သိန်း ထောင်ချီ သောင်းချီ ရှိတယ်။ ဒါကြောင့် လူတွေက ငွေကြေး ပိုလျှံလာလို့ ရှိရင် မြေကိုပဲ ဝယ်ထားကြတယ်။ ပြီးတော့ မြေက ဝယ်ထားမိလို့ ရှုံးတာကလည်း ခပ်ရှားရှားပဲ”လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီက ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ဝင်ငွေတွေအပေါ် ကောက်ခံမယ့် အခွန်ရာခိုင်နှုန်းတွေကို လျှော့ပေါ့ ပေးထားတာဟာ ငွေဖြူလုပ်ချင်တဲ့သူတွေအတွက် လမ်းဖွင့်ပေးလိုက်တာနဲ့ အတူတူပဲလို့ အခွန်နဲ့ဘဏ္ဍာငွေကြေး ဆိုင်ရာ ကျွမ်းကျင်သူတွေက မှတ်ချက်ပေးပါတယ်။
“အဲ့ဒီ့မှာ ပုဒ်မ-၂၅ အရ ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ အချက် ထည့်သွင်းတာ ရှိတယ်။ အဲ့ဒီ့အတွက် သတ်မှတ်ထားတဲ့ ပမာဏက အရင်ကဆိုရင် ၁ ကျပ်ကနေ သိန်း တထောင် အထိကို ၃ ရာခိုင်နှုန်းသတ်မှတ်ထားတာ။ ဒါပေမဲ့ အခုတော့ ၁ ကျပ်ကနေ သိန်း သုံးထောင် အထိကို ၃ ရာခိုင်နှုန်း ဆိုတော့ သုံးဆ လျှော့ပေးထားတဲ့ သဘော ဖြစ်တယ်။ ပြီးတော့ ပြည်ထောင်စုအခွန်ဥပဒေကို အခုလို တဦးတည်း သဘောဆန္ဒနဲ့ ထုတ်ပြန်လို့ မရဘူး။ လွှတ်တော်မှာ ဆွေးနွေးပြီးတော့မှ အတည်ပြုရတယ်။ အခုတော့ သိတဲ့အတိုင်းပဲ လွှတ်တော်ရဲ့အခန်းကဏ္ဍက မရှိတော့ အထိမ်းအကွပ်မဲ့နေတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်
၂၀၂၃ ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေရဲ့ ပုဒ်မ-၂၅(က)မှာ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ နဲ့ ၆-က တို့အရ သက်သာခွင့်တွေ နုတ်ပယ်ခြင်း မပြုဘဲ စည်းကြပ်မှုမှ ကင်းလွတ်နေတဲ့ ဝင်ငွေ အပေါ် သတ်မှတ်ထားတဲ့ အခွန်နှုန်းထားတွေကတော့ ၁ ကျပ် မှ သိန်း ၃,၀၀၀ အထိ ၃ ရာခိုင်နှုန်း၊ သိန်း ၃,၀၀၀ မှ ၆,၀၀၀ အထိ ၅ ရာခိုင်နှုန်း၊ သိန်း ၆,၀၀၀ မှ ၁၀,၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၀,၀၀၀ မှ ၃၀,၀၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀,၀၀၀နဲ့အထက် ၃၀ ရာခိုင်နှုန်း အသီးသီး သတ်မှတ်ထားပါတယ်။
စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေ ဆိုတာက ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်မတိုင်မီ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေတွေကိုသာ သတ်မှတ်ထားကြောင်းနဲ့ အဆိုပါ ဥပဒေရဲ့သက်တမ်းမှာလည်း ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက် မှ ၂၀၂၄ ခုနှစ် မတ် ၃၁ ရက် အထိသာ အကျိုးသက်ရောက် စေရမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
Photo -Myanma Port Authority