ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်ပရကန်ခရိုင်၊ ဘန်ဖရီမြို့မှာ ဧပြီ ၇ ရက် မနေ့ညက ၁၄ နှစ်အရွယ် မိန်းကလေးက ၁၆ နှစ်အရွယ် ရည်းစားနဲ့အတူ ပူးပေါင်းကြံစည်ပြီး မိခင်အရင်းနဲ့ အစ်ကိုရင်းတို့ကို ဓားထိုးသတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။
မနေ့ည ၁၁ နာရီက ဘန်ဖရီမြို့ သက်သာချောင်ချိရေးအိမ်ရာ တိုက်ခန်းတခုမှာ လူသတ်မှုဖြစ်ပွားကြောင်း တိုင်တန်းချက်ရတဲ့အတွက် လူနာတင်ယာဉ်၊ ဆရာဝန်နဲ့အတူ အချင်းဖြစ်တဲ့နေရာကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ဘန်ဖရီနယ်မြေ တာဝန်ကျရဲက သတင်းထောက်တွေကို ပြောပါတယ်။
တာဝန်ရှိသူတွေ ရောက်သွားချိန် အခန်းအပြင်ဘက်မှာ အသက် ၂၃ နှစ်ရွယ် လူငယ်တယောက် လည်ပင်း၊ ပခုံးနဲ့ မျက်နှာတွေမှာ ဓားဒဏ်ရာတွေ ရထားတာကြောင့် ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ပေးခဲ့ကြောင်း၊ အိမ်ခန်းထဲမှာလည်း သွေးအိုင်ထဲ လဲကျနေတဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသမီး တယောက်ကို တွေ့ပြီး ရှေးဦးသူနာပြုစုနည်းနဲ့ အသက်ရှူအောင် ဆောင်ရွက်ပေမယ့် မရတော့ဘဲ သူနာပြုတွေလက်ထဲမှာပဲ ဆုံးသွားတယ်လို့ ဆိုပါတယ်။
အမျိုးသမီးမှာ ပါးတဖက်တချက်၊ လည်ပင်းနဲ့ ရင်ညွန့်တွေမှာ ဓားထိုးရာ ၇ ချက်နဲ့ သေဆုံးတာဖြစ်ပြီး အနီးနားမှာလည်း ၁၅ စင်တီမီတာခန့် ရှည်လျားပြီး သွေးစွန်းနေတဲ့ မီးဖိုချောင်သုံး ဓားတချောင်းကို တွေ့ရတယ်လို့ ဆိုပါတယ်။
အခန်းအပြင်ဘက်မှာ ၁၄ နှစ်အရွယ် မိန်းကလေးနဲ့ ၁၆ နှစ်အရွယ် ကောင်ကလေးတို့ မလှုပ်မယှက် ထိုင်နေကြပြီး တာဝန်ရှိသူက မေးမြန်းရာမှာ ၁၆ နှစ်ရွယ်ကောင်လေးက ရည်းစားဖြစ်သူရဲ့ စေခိုင်းမှုကြောင့် အဆိုပါသားအမိကို ဓားနဲ့ထိုးသတ်ရတာလို့ ဝန်ခံသွားပါတယ်။
မိန်းကလေးကလည်း ဓားထိုးခံရသူမှာ မိခင်နဲ့ အစ်ကိုဖြစ်ကြောင်း၊ သူဟာ ရည်းစားထားတာ၊ ရည်းစားနဲ့အတူ လိုက်နေတာကို မိခင်နဲ့ အစ်ကိုက သဘောမတူဘဲ အဆူအဆဲခံရလို့ စိတ်ဓာတ်ကျပြီး အခုလို သတ်လိုက်တာလို့ ဝန်ခံသွားပါတယ်။
သူတို့ဟာ မိခင်ကိုသတ်ဖို့ ဒီမတိုင်ခင်ကတည်းက ကြံရွယ်ထားကြောင်း၊ မနေ့က ကောင်ကလေးဟာ အခန်းထဲမှာ အရင်ပုန်းနေပြီး မိန်းကလေးက အချက်ပြလိုက်တာနဲ့ မီးဖိုချောင်သုံးဓားနဲ့ ဝင်ထိုးခဲ့ကြောင်း၊ နောက်တခန်းမှာ အိပ်နေတဲ့ အစ်ကိုက မိခင်အသံကြားလို့ ဝင်လာရာမှာ သူ့ကိုပါ ဓားနဲ့ထိုးလို့ အပြင်ဘက် ပြန်ထွက်ပြေးပြီး ဘေးပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီတောင်းခဲ့တာလို့ ဆိုပါတယ်။
လူသတ်မှုကျူးလွန်တဲ့ ကောင်လေးနဲ့ ကောင်မလေးကတော့ သူတို့ချစ်ခြင်းကိုခွဲလို့ အခုလို လုပ်ရကြောင်း၊ ပြစ်ဒဏ်ခံယူပြီး ထောင်ကထွက်လာရင် နှစ်ယောက်သား အတူနေကြမယ်လို့ ပြောပါတယ်။
တာဝန်ရှိသူတွေက သူတို့နှစ်ယောက်လုံးကို ဖမ်းခေါ်သွားတဲ့အချိန်မှာ အိမ်နီးနားချင်း ပတ်ဝန်းကျင်က လက်မခံနိုင်ဘဲ အော်ဟစ်ဆဲဆို ဝိုင်းဝန်းရိုက်နှက်ကြလို့ ရဲတွေက ဝန်းရံပြီး ကားပေါ် မနည်းတင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ကိုးကား - Thairath