မန္တလေးမြို့ ၊ ၃၈ လမ်း၊ ၇၆ လမ်းနဲ့ ၇၇ လမ်းကြားရှိ စစ်တပ်ပိုင် ရတနာပုံခန်းမအနီးမှာ မတ်လ ၂၇ ရက် ဒီနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်လမ်း၊ ရတနာပုံခန်းမအနီးမှာ မြနန္ဒာစစ်ဆင်ရေး Banner ချိတ်ဆွဲကာ မိုင်း ၃ လုံး ထောင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ မိုင်းရှင်းလင်းရေးလာချိန်မှာ ဖောက်ခွဲခဲ့တယ်လို့ မြနန္ဒာစစ်ဆင်ရေးက သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်သားတွေက မိုင်းတွေ့ရှိပြီး လမ်းပိတ်ဆို့ ရှင်းလင်းရေးလုပ်နေချိန်မှာ ကျန်မိုင်းနှစ်လုံးကို အဝေးထိန်းနဲ့ ဖောက်ခွဲခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
မိုင်းကွဲတဲ့ နေရာအနီးမှာနေထိုင်တဲ့ ဒေသခံတဦးက “မနက်အစောကြီး လမ်းပိတ်ထားတယ်။ မိုင်းတွေ့လို့ လမ်းပိတ်တာဆိုပြီ ခဏကျတော့ တစ်လုံးအရင်ပေါက်တယ်၊ အကျယ်ကြီးပဲ၊ ပြီးမှ နောက်တစ်လုံးပေါက်တာ။ လူနာတင်ကားတွေတော့ ဝင်သွားတာကြားလိုက်တယ်"လို့ ပြောပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်စစ်သားနှစ်ယောက် သေဆုံးတယ်လို့ မြနန္ဒာစစ်ဆင်ရေးက သတင်းထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသလို သီးခြား အတည်ပြုနိုင်တာလည်းမရှိပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်ကလည်း ရတနာပုံခန်းမအနီးမှာ ဗုံးပေါက်ကွဲခဲ့လို့ အမျိုးသမီး တယောက် ဒဏ်ရာရခဲ့ဖူးပါတယ်။
ရတနာပုံခန်းမ မြေနေရာဟာ အရင်က စစ်တပ်ပိုင်မြေဖြစ်ခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာအလွဲသုံးစားလုပ်ပြီး ဒီခန်းမကို သူ့ရဲ့သားဖြစ်သူကို လုပ်ကိုင်ခွင့်ပေးထားတာ ဖြစ်ပါတယ်။
၂၀၂၁ ခု မေလ ၁၇ ရက်က မန္တလေးမြို့ရဲ့ အကြီးဆုံးခန်းမဖြစ်တဲ့ ရတနာပုံခန်းမ ဖွင့်ပွဲကျင်းပခဲ့ရာမှာ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
မန္တလေးမြို့၊ ၇၈ လမ်း ၃၈ လမ်းပေါ်က ရတနာပုံခန်းမမှာ ဇန်နဝါရီ ၂၅ ရက် မနေ့ည ၈ နာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ လုံခြုံရေး အစောင့်စစ်သား တချို့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ပြောက်ကျားတပ်ဖွဲ့တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
အနီးနားရပ်ကွက်နေဒေသခံတစ်ဦးက “ပထမက ဗုံးပေါက်ကွဲသံအကျယ်ကြီးကြားတာ။ ကြားတာနဲ့ ထင်လိုက်တယ်၊ ပေါက်ကွဲသံကြားတဲ့နားမှာ ရတနာပုံခန်းမပဲရှိတာ၊ နောက်ပစ်ခတ်သံတွေ ကြားရတာ၊ ကျည်လာမှန်မှာစိုးလို့တောင် ပုန်းခဲ့ရသေးတယ်”လို့ ပြောပါတယ်။
ပေါက်ကွဲသံကြားပြီးနောက် သေနတ်ပစ်သံ ၁၀ ချက်လောက်ကြားရပြီး ထိခိုက်မှုအခြေနေကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။
မန္တလေးရတနာပုံခန်းမကို အထူးပြုလုပ်ထားတဲ့ဗုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ကင်းစောင့်နေတဲ့စစ်သားတွေ ကိုလည်းသေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြနန္ဒာစစ်ဆင်ရေးက သတင်းထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုမှာ ကင်းစောင့်စစ်သားနှစ်ယောက် ထိခိုက်နိုင်ကြောင်း Acid Army PDF MDY ကလည်း ထုတ်ပြန်ထားပေမယ့် အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ဗုံးပေါက်ကွဲခဲ့ပြီး စစ်သားတွေ ပစ်ခတ်ခံရပြီးနောက် အနီးနားရပ်ကွက်တွေမှာ စစ်ကောင်စီတပ်သားတွေ လိုက်လံစစ်ဆေးနေခဲ့ပါတယ်။
မန္တလေး၊ ၆၂လမ်း တွတ်ပီကွေ့မှာလည်း ဇန်နဝါရီ ၂၄ ရက် ညပိုင်းက ဗုံးတစ်လုံးပေါက်ကွဲ ခဲ့သေးတယ်လို့ သိရပါတယ်။