စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ရတနာပုံတံတားထိပ်မှာ ဩဂုတ် ၁၇ ရက် မနက် ၈ နာရီကျော်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။
စစ်ကိုင်းမြို့အဝင် ရတနာပုံတံတားထိပ်မှာ Express ကားကို စစ်ကောင်စီတပ်က တားပြီး စစ်ဆေးရာက ပစ်ခတ်မှု ဖြစ်ခဲ့ပြီး ကားပေါ်ပါ PDF ရဲဘော်သုံးယောက် သေဆုံးကာ စစ်ကောင်စီဘက်က နှစ်ယောက် ပြင်းထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း သတင်းတချို့မှာ ဖော်ပြပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ကဘက်က ပစ်ခတ်မှုကြောင့် ကားပေါ်ပါ ပြည်သူတချို့လည်း သေနတ်မှန် ဒဏ်ရာရတာရှိပြီး အရေအတွက် အတိအကျ မသိရသေးပါဘူး။
စစ်ကိုင်းမြို့ခံတယောက်က “တံတားထိပ်မှာတော့ ယူနီဖောင်းဝတ်တွေ အများကြီးရှိနေတယ်။ ပစ်ခတ်မှုဖြစ်တော့ ကားတွေပိတ်သွားတယ်။ အခုတော့ တစီးချင်းစီ စစ်ဆေးပြီး လွှတ်နေတယ်” လို့ ပြောပါတယ်။
မန္တလေးကနေ စစ်ကိုင်းမြို့အဝင် ရတနာပုံတံတားအဆင်း ကင်းတွေမှာ ခရီးသွားပြည်သူတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ခရီးသွားပြည်သူတဉီးက ပြောပါတယ်။
"ဘယ်လောက်ထိ စစ်လဲဆိုရင် သူတို့ဆီမှာရှိတဲ့ ဖုန်းထဲမှာရှိတဲ့ဓာတ်ပုံနဲ့ မျက်နှာ တယောက်ချင်းစီကို စစ်တယ်။ တယောက်ချင်းစီကို ဓာတ်ပုံရိုက်တယ်။ ရိုက်ပြီးတဲ့အပြင်ကို ဖုန်းထဲမှာပါလာတဲ့ contact တွေကို အချင်းချင်း ပတ်ခေါ်ခိုင်းပြီးတော့ နောက်ဆုံးဝင်ခဲ့တဲ့ ဆယ်ကောလ်လောက်ထိကို ဖုန်းခေါ်ပြီး ဒါ ဘယ်သူ့ဖုန်းလဲ၊ ဒီဖုန်းပိုင်ရှင်က ဘယ်သူလဲပေါ့နော်၊ အဲ့ဒါမျိုးထိကို စစ်တယ်။"
စစ်ဆေးရာမှာ စစ်ဖိနပ်စီးပြီး သေနတ်လွယ်ထားတဲ့ အရပ်ဝတ်နဲ့ အဖွဲ့တွေက ကား၊ ဆိုင်ကယ် စတာတွေနဲ့ ခရီးသွားလာနေတဲ့ ပြည်သူတွေထဲက တချို့ကို မသင်္ကာပါက ခေါ်ယူစစ်ဆေးနေတာဖြစ်ပြီး ဖုန်းအဆက်အသွယ်တွေအထိ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဇွန် ၁၃ ရက်ကတည်းက စတင်စစ်ဆေးနေတာဖြစ်ပြီး စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီအဖွဲ့တွေရဲ့ ဖုန်းထဲကပုံနဲ့ ခရီးသွားပြည်သူတွေရဲ့ပုံ တိုက်စစ်ရုံမက စစ်ဆေးခံရသူရဲ့ ဓာတ်ပုံကိုပါ ရိုက်ယူထားတယ်လို့ ဒေသခံတွေ ပြောပါတယ်။
အစစ်အဆေး အင်မတန်တင်းကျပ်နေတဲ့အတွက် သွားလာနေသူတွေ အထူးသတိထားဖို့ လိုတယ်လို့လည်း ဆိုပါတယ်။