အိန္ဒိယနိုင်ငံမှာ စစ်မှုထမ်းသစ် ခေါ်ယူရေး လုပ်ငန်းစဉ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ ဒုတိယ မြောက်နေ့ဖြစ်တဲ့ ဇွန် ၁၇ ရက်မှာ ဆန္ဒပြသူတွေက ရထားတွဲတွေကို မီးရှို့ခဲ့ကြပါတယ်။
အရှေ့ဘက် ဘီဟာပြည်နယ်နဲ့ တောင်ပိုင်း ဆီကွန်ဒရာဘက်တို့မှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ရထားတွဲတွေကို မီးရှို့ခဲ့ကြတာကြောင့် နေရာအနှံ့အပြား ပျက်စီးသွားပြီး ရထားလမ်း ဝန်ဆောင်မှုတွေကိုလည်း အနှောင့်အယှက် ဖြစ်သွားတယ် လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ် နာရမ်ဒြာ မိုဒီရဲ့ အစိုးရက အင်အား ၁ ဒသမ ၃၈ သန်းအတွက် လူသစ်စုဆောင်းရေး လုပ်ငန်းစဉ်ကို ပြန်လည်ပြင်ဆင်ကြောင်း အခုသီတင်းပတ်မှာ ကြေညာခဲ့ပါတယ်။
အစိုးရကတော့ ဝန်ထမ်းတွေရဲ့အသက်ကို လျှော့ချဖို့ ကာလတို ၄ နှစ် စာချုပ်တွေနဲ့ လူသစ်တွေကို ပိုခေါ်ယူနိုင်ဖို့ ရည်ရွယ်ခဲ့တာပါ။
ဒါပေမယ့် အလားအလာရှိတဲ့ လူသစ်အများအပြားက သူတို့ကို ၄ နှစ်ထက် ပိုကြာကြာ တာဝန်ထမ်းဆောင်ခွင့်ပေးသင့်တယ်ဆိုပြီး ကန့်ကွက်ခဲ့ကြပါတယ်။
ဝန်ထမ်းခန့်အပ်မှု စနစ်သစ်မှာ အသက် ၁၇ နှစ်ခွဲနဲ့ ၂၁ နှစ်ကြား အမျိုးသားနဲ့ အမျိုးသမီးတွေကို အရာရှိ မဟုတ်တဲ့ ရာထူးတွေမှာ လေးနှစ်ကြာ ခေါ်ယူထားမှာဖြစ်ပြီး ကာလကြာရှည် အတွက်ဆိုရင် ၄ ပုံ ၁ ပုံလောက်သာ ခေါ်ယူထားမှာ ဖြစ်ပါတယ်။
ဒီစနစ်ဟာ အလုပ်လက်မဲ့ဖြစ်မှုနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံမှာ အလုပ်လက်မဲ့ ပိုများလာစေတယ်လို့ အတိုက်အခံပါတီတွေနဲ့ မိုဒီရဲ့အာဏာရပါတီဖြစ်တဲ့ ဘာရတ်တီယ ဂျနတ ပါတီဝင်တချို့က ပြောဆိုကြပါတယ်။
မန္တလေးဘူတာကြီး သံလမ်းအမှတ် ၉ လမ်းမှာ အသုံးမပြုဘဲ ရပ်နားထားတဲ့ ရထားတွဲ BNUEZ -12670 အိပ်စင်တွဲ တစ်တွဲ မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပါတယ်။
မန္တလေးဘူတာကြီးမှာ ရထားလိုင်း တချို့ပြေးဆွဲမှု ရပ်နားနေကြတာဖြစ်ပြီး ရပ်နားထားတဲ့ ရထားတွဲတွေရော အသုံးမပြုဘဲ ပျက်စီးနေတဲ့ ရထားတွဲတွေကိုပါ တံခါးပိတ်ထားတယ်လို့ သိရပါတယ်။
မီးလောင်မှုမှာ လူတွေတော့ ထိခိုက်သေဆုံးမှုမရှိပါဘူး။ မီးလောင်မှုကို မန္တလေးတိုင်းမီးသတ်တပ်ဖွဲ့က Level-1 အဆင့်မီးငြှိမ်းသတ်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး မသိရသေးပါဘူး။
သတင်း- ဇာဇာမောင်(CJ)