ထိုင်းတောင်ပိုင်း ရနောင်းခရိုင်ထဲမှာ လှေစီးပြီး တရားမဝင် ဝင်ရောက်လာတဲ့ ၅ နှစ်ရွယ်ကလေး အပါအဝင် မြန်မာ ၁၄ ဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းစစ်တပ် အမှတ် ၂၅ အထူး ခြေမြန်တပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
မေလ ၉ ရက်ညက ထိုင်းစစ်တပ် အမှတ် ၂၅ ခြေမြန်တပ်ဖွဲ့ အမှတ် ၄၁၀၉ စစ်ဆေးရေးဂိတ်တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ကဗွေးအုပ်စု မုန့်ကလုန်ကျေးရွာမှာ လုံခြုံရေး စောင့်ကြပ်စဉ် ည ၁၁ နာရီခွဲလောက်မှာ မသင်္ကာဖွယ်စက်လှေ ၁ စီး လှမ်းမြင်ရကြောင်း၊ တာဝန်ရှိသူတွေက စစ်ဆေးဖို့ ရပ်မိန့်ပေးလိုက်ပေမယ့် အဆိုပါလှေက ရပ်မပေးဘဲ ဆက်ခုတ်မောင်းသွားလို့ အနောက်က စက် လှေနဲ့ လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါစက်လှေကို မီလာတဲ့အခါ စက်လှေပေါ်မှာ လှေမောင်းသမားကိုတော့ မတွေ့ရတော့ဘဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၄ ဦးတွေ့ရှိပြီး အဲဒီထဲမှာ အသက် ၅ နှစ်ရွယ်ကလေး ၁ ဦးပါ ပါလာတယ်လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းချက်အရ သူတို့တွေဟာ မြန်မာနိုင်ငံ ကော့သောင်းဘက်ကနေ ယာယီ နယ်စပ်ဖြတ်ကျော်လက်မှတ် TBP နဲ့ ရနောင်းဘက်ကို ကူးလာကြောင်း၊ ရနောင်းမှာ ၁ ညအိပ်ပြီး နောက်နေ့ ကား ၁ စီးက သူတို့ကို လာကြိုကာ မုန့်ကလုန်ရွာကို လာပို့ထားကြောင်း၊ အဲဒီကနေတဆင့် တချို့က ဖူးကက်မြို့မှာ အလုပ်သွားလုပ်မှာဖြစ်ပြီး တချို့က မလေးရှားနိုင်ငံကို ဆက်သွားမယ်၊ လိုရာခရီးရောက်က ပွဲစားကို ၁ ဦးလျှင် ထိုင်းဘတ် ၃၀၀၀၀ ပေးရမယ်လို့ ထွက်ဆိုထားပါတယ်။
ဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေကို လ.ဝ.က ဥပဒေနဲ့ အရေးယူဖို့ ကပေဲးနယ်မြေရဲစခန်းကို ပို့ဆောင်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ ကိုဗစ်ကာလကတည်းက ပိတ်ထားတဲ့ ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်ကနေ ထိုင်း၊ မြန်မာနဲ့ တတိယနိုင်ငံသားတွေကို မတ်လ ၇ ရက် ဒီကနေ့ ပတ်စ်ပို့စာအုပ်နဲ့ ဝင်ထွက်သွားလာခွင့် ပေးလိုက်ပြီလို့ သိရပါတယ်။
ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်ကို အရင် ကိုဗစ်ရောဂါကပ်ဘေး စဖြစ်ချိန်တုန်းက ပိတ်ချလိုက်တာဖြစ်ပြီး ၂ဝ၂၂ ခုနှစ် ဇွန်လမှာ နှစ်နိုင်ငံသဘောတူ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်နဲ့သာ ခွင့်ပြုခဲ့တာကြောင့် ရနောင်းခရိုင်အထိသာ ဝင်ထွက်သွားလာခွင့် ရှိခဲ့တယ်လို့ သိရပါတယ်။
ကော့သောင်းမြို့ခံတဦးက “အရင်ကတော့ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်နဲ့ပဲဆိုတော့ ရနောင်းခရိုင်ထဲမှာပဲ သွားလို့ရတယ်။ အခုက ဗီဇာနဲ့လူတွေ သွားကြမှာဆိုတော့ ရနောင်းခရိုင်ကိုကျော်ပြီး တခြားနေရာပါ သွားလို့ရသွားတာပေါ့။ ပတ်စ်ပို့လုပ်ဖို့အတွက်တော့ အရင်ထက် ပိုက်ဆံပိုပြီး ပေးရမယ်ထင်တယ်” လို့ ပြောပါတယ်။
ထိုင်းရောက် မြန်မာနိုင်ငံသားတဦးကတော့ “စကစ က သူတို့အတွက် အကျိုးအမြတ်ရတာပဲ ကြည့်တယ်။ အခုဖွင့်လိုက်လို့ အကျိုးအမြတ် သိပ်မတွေ့ဘူး။ သူတို့ရနေတဲ့ ဖြတ်သန်းခတောင် လျော့သွားမယ်။ နောက်ပြီးတော့ ထောင်ချောက်တခုလည်း ဖြစ်နိုင်တာပဲ။ ထိုင်းဘက် ရောက်နေသူတွေထဲက CI, PV, PJ ကိုင်ထားသူတွေကို ဝင်လို့လွယ်အောင် လုပ်ပေးတာမျိုးပါ။ ဝင်လာရင် နာမည်ရှိသူတွေကို ဖမ်းလို့ရအောင်လည်း ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
အခုလို ထိုင်း-မြန်မာ နှစ်နိုင်ငံ ဖြတ်သန်းသွားလာခွင့် ရဖို့အတွက် ထိုင်းနိုင်ငံက တာဝန်ရှိသူတချို့နဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတချို့ ကော့သောင်းမြို့မှာ ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။