close

ရန်ကုန်ဆေးရုံကြီး ပြင်ပလူနာဌာန

close

February 15, 2022

ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ရန်ကုန်ဆေးရုံကြီးပြင်ပလူနာဌာန ၅ ခုကို ယာယီပိတ်ထား

ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဆရာဝန်ကြီးတွေ၊ ဆရာမတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်-၁၉ ရောဂါ ခံစားနေရတာကြောင့် အထူးကုပြင်ပလူနာဌာန ၅ ခုကို ဖေဖော်ဝါရီ ၁၅ ရက် ဒီကနေ့ကစတင်ကာ ယာယီပိတ်ထားမယ်လို့ သိရပါတယ်။

ပိတ်ထားတဲ့ ပြင်ပလူနာဌာနတွေထဲမှာတော့ အထွေထွေအထူးကုသမားတော်ဌာန၊ ကင် ဆာဆေးကုဌာန၊ အကြောအဆစ်အထူးကုဌာန၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆေးကုဌာန၊ ဟော်မုန်းရောဂါအထူးကုဌာနတွေ ပါဝင်ပြီး တခြားအထူးကုပြင်ပလူနာဌာနတွေနဲ့ အရေးပေါ် လူနာတွေကိုတော့ ပုံမှန်အတိုင်း ဖွင့်လှစ်ကုသပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ထောင်ချီကူးစက်မှုတွေ ၇ ရက် ဆက် တိုက် ရှိလာနေပြီး ကူးစက်ခံရသူပေါင်း ၅၄၈,၃၅၇ ယောက်ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာ ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

မနေ့က ကူးစက်မှုအသစ် ၁,၄၀၀ ကျော်ထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးက  ရောဂါကူး စက်ခံရသူပေါင်း ၆၇၀ ကျော်နဲ့ အမြင့်ဆုံးဖြစ်နေခဲ့တာပါ။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲ စမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

အိုမီခရွန်ရောဂါပိုးတွေ့ရှိမှုအနေနဲ့ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ လူနာအယောက် ၃၅၀ နီးပါး တွေ့ရှိထားတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြည်သူတွေကြားမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုလှိုင်းကြောင့် ပူပန်မှုတွေ ရှိနေသလို လူနေထူထပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ ထပ်ပြီးတော့ လှိုင်းသစ်ဖြစ်လာခဲ့ရင် ထိန်းချုပ် ကာကွယ်နိုင်မှု မရှိမှာကိုလည်း စိုးရိမ်နေကြပါတယ်။

အာဏာသိမ်းကာလ တနှစ်ကျော်အတွင်း မြန်မာနိုင်ငံမှာတော့ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ အတူ ကျန်းမာရေးကဏ္ဍမှာလည်း ကိုဗစ်-၁၉ ကပ်ဘေးဟာ တကယ့်ကို အကျပ်အတည်းနဲ့ ဆက်လက်ပြီးတော့ ရှိနေတာပါ။

ဒါ့အပြင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်တဲ့ ဆေးလောကသားတွေကို ပစ်ခတ်နှိမ်နင်းတာ၊ ဖမ်းဆီးနှိပ်စက်တာတွေကြောင့် ဆေးရုံဆေးခန်း၊ ဆရာဝန်နဲ့ လူနာအချိုးဟာ မညီမျှပဲ ကျန်းမာရေးစောင့်ရှောက်မှုမှာ ပိုပြီးတော့ ဆိုးဝါးလာနေခဲ့တာ ဖြစ်ပါတယ်။

4 mins Ago
Up