ရန်ကုန်ဆေးရုံကြီး၌ သင်္ကြန်ကာလ အရေးပေါ်ကုသရမယ့် အခြေအနေတွေအတွက် ကျန်းမာရေးဝန်ထမ်းတွေကို အင်အားဖြည့်ထားသလို လူနာခုတင်တွေကိုလည်း ထပ်တိုးကာ၊ ဆေးပစ္စည်းတွေ တိုးမြှင့်ထားတယ်လို့ အရေးပေါ်ဌာနကနေ သိရပါတယ်။
သင်္ကြန်ကာလတိုင်း နှစ်စဉ် ဆောင်ရွက်နေကျအတိုင်း အရေးပေါ်ဌာနရဲ့ကုသပေးမှုအခြေအနေကို ပုံမှန်အချိန်တွေထက် တိုးမြှင့်ဆောင်ရွက်နေသလို အခုနှစ်မှာလည်း အရေးပေါ်ကုသရေးအတွက် ဝန်ထမ်းအင်အား၊ ဆေးပစ္စည်းတွေ တိုးမြှင့်ဆောင်ရွက်ပေးထားပြီး အရေးပေါ် ဌာနအတွင်း ထိခိုက်ဒဏ်ရာရ လူနာများလာပါက ပုံမှန်ခုတင်တွေထက် တိုးထားနိုင်ဖို့ နေရာတွေစီစဉ်ထားတယ်လို့ ရန်ကုန်ဆေးကြီး အရေးပေါ်ဌာနက ဝန်ထမ်းကပြောပါတယ်။
“မနှစ်က သင်္ကြန်ကတော့ ပုံမှန်လူနာပဲ ရှိတယ်။ အရင်ကလို ထိခိုက်ဒဏ်ရာရပြီး အရေးပေါ် အခြေအနေနဲ့ ရောက်လာတာမျိုးက မရှိသလောက်ပဲ။ ဒီနှစ်ကတော့ ဘယ်လိုလာမလဲ မသိသေးဘူး။ ပြင်ထားလို့ ပြောတော့လည်း ပြင်ထားရတာပေါ့။ မနှစ်ကလိုပဲ ဆိုရင်တော့ ပြင်ထားတာပဲ အဖတ်တင်မယ်။”
အာဏာမသိမ်းခင်က သင်္ကြန်ကာလတွေမှာတော့ အရေးပေါ်ဌာနအနေနဲ့ မတော်တဆဖြစ်တဲ့ လူနာတွေ၊ ခိုက်ရန်ဖြစ်ပွားလို့ ထိခိုက်တဲ့လူနာတွေအပြင် တခြားသော အပူဒဏ်ကြောင့် သတိလစ်မေ့မြောတဲ့လူနာနဲ့ အမူးလွန်လူနာတွေ အများဆုံး ရောက်ရှိလာကာ ဆေးရုံတက် ကုသမှုခံယူရလေ့ရှိတယ်လို့ သိရပါတယ်။
သင်္ကြန်ကာလမှာ အရေးပေါ်ထိခိုက်တဲ့လူနာတွေအတွက်သာမက ဖျားနာလူနာနဲ့ တခြား အထွေထွေ လူနာတွေအတွက်လည်း ပုံမှန် ၂၄ နာရီ ပိတ်ရက်မရှိ ဖွင့်လှစ်ကုသပေးမယ်လို့ ဆေးရုံကြီးကနေ သိရပါတယ်။
ရန်ကုန်မှာရှိတဲ့ ဆေးရုံတွေမှာ လူနာစောင့်ကို တဦးပဲ လက်ခံတော့တာကြောင့် နယ်ဝေးကလာတဲ့ လူနာရှင်တွေအနေနဲ့ အခက်အခဲတွေဖြစ်ပေါ်နေပြီး ဆေးရုံဝင်းအတွင်းမှာ ဖြစ်သလို နေထိုင်စားသောက်နေရတယ်လို့ လူနာရှင်တွေက ပြောပါတယ်။
စစ်ကောင်စီလက်ထက်မှာ ဆေးရုံတွေ ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက်မှာတော့ ရန်ကုန်မှာရှိတဲ့ ဆေးရုံတွေမှာ အရင်လို လူနာစောင့်တွေကို တဦးထက် ပိုလက်မခံတော့ပဲ ဧည့်တွေ့ချိန်ဆိုရင်လည်း လူနာရဲ့ မိသားစုဝင် နှစ်ယောက်လောက်ပဲ တွေ့ခွင့်ရတဲ့အခြေအနေတွေ ဖြစ်ပေါ်နေကာ နေထိုင်ရေးတွေလည်း ဒုက္ခရောက်နေရတယ်လို့သိရပါတယ်။
ဒါ့အပြင် လူနာရှင်တွေဟာ ဆေးရုံမှာရှိတဲ့ အပေါက်စောင့်၊ သန့်ရှင်းရေး၊ ဆေးရုံအကူဝန်ထမ်းတွေရဲ့ အော်ဟစ်ကြိမ်းမောင်းတာတွေနဲ့ ရင်ဆိုင်နေရပြီး လူနာအသည်းအသန်ဖြစ်နေချိန်မှာ လူနာအနားကိုသွားဖို့ဆိုရင် တံခါးမှာစောင့်ကြပ်နေတဲ့ ဆေးရုံအကူဝန်ထမ်းတွေကို လာဘ်ထိုးပြီးမှ ခေတ္တဝင်လို့ရတဲ့အခြေအနေတွေ ဖြစ်နေတယ်လို့ လူနာရှင်တွေက ဒီဗွီဘီကို ပြောပါတယ်။
“အရင်ကဆိုရင် လူနာဘေးမှာ မိသားစု ဒါမှမဟုတ် မိသားစုဝင်တွေထဲက နှစ်ဦးလောက် နေလို့ရတယ်။ ညဘက်ဆိုရင်တော့ ည ၉ နာရီလောက်အထိ လူနာဘေးမှာ နေလို့ရတယ်။ အခုက ဆေးရုံတက်ပြီဆိုတာနဲ့ လူနာနဲ့ တဦးပဲနေရတယ်။ ဆေးတို့ ထမင်းတို့ဝယ်ချင်ရင် လူနာဆောင် တံခါးဝမှာ တဦးကနေရတယ်။ လိုအပ်တာဝယ်ခိုင်းရတာ။ ညဘက်ဆိုရင် လူနာဆောင်ပေါ်မှာ ဘယ်သူမှမနေရဘူး။ ဆေးရုံအနောက်မှာသွားနေရတယ်”လို့ လှော်ကား ကနေလာတဲ့ လူနာရှင်တဦးကပြောပါတယ်။
ဆေးရုံတက်လူနာအတွက် စိုးရိမ်မှုလွန်ကဲသူ လူနာရှင်တချို့နဲ့ ဆေးရုံတွေရဲ့ အနောက်ဘက်မှာ အိပ်ဖို့နေရာမရှိသူတွေကတော့ လူနာဆောင်အပေါ်ထပ်ရဲ့ အပေါက်မှာ အိပ်ခွင့်ရဖို့ ဆေးရုံအကူဝန်ထမ်းတွေနဲ့ လုံခြုံရေးတွေကို ကျပ် ၁၀၀၀ စီပေးပြီး အိပ်နေရပါတယ်။
ငွေကြေး မတတ်နိုင်တဲ့သူတွေနဲ့ ဆေးရုံမှာရက်ရှည်နေရမယ့်သူတွေကတော့ ဆေးရုံအနောက်ဘက်မှာ ဖြစ်သလို နေထိုင်စားသောက်နေရပြီး လုံခြုံရေးတွေရဲ့ ကန့်သတ်မှုကြောင့် နေထိုင်စားသောက်ရေးတွေက အခက်အခဲများစွာရှိနေတယ်လို့သိရပါတယ်